အိုးဘိုထောင်အတွင်း နိုင်/ကျဉ်းတွေအပါအဝင် ထောင်ပိုင်နဲ့ ဝန်ထမ်းတွေ ပြောင်းရွှေ့ခံရ

Author လဂွန်းအိမ်
Categories
Published on Jun 17, 2024

မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်မှာ ဇွန်လဆန်းပိုင်းအတွင်း ထောင်ပိုင်အပါအဝင် အရာရှိတချို့နဲ့ ဝန်ထမ်းတွေ ပြောင်းရွှေ့တာ၊ ရာထူးလျှော့ချတာ၊ ထုတ်ပယ်တာတွေ လုပ်တဲ့အပြင် အကျဉ်းချထားခံရတဲ့ နိုင်/ကျဉ်းတွေကိုပါ ထောင်ပြောင်းရွှေ့နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အကျဉ်းထောင်အတွင်း နေရာအတွက် ထောင်ဝန်ထမ်းတွေဆီက ကျပ်သိန်းဂဏန်းပေးဝယ်ယူရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီး ဒီလို ထောင်ပိုင်နဲ့ အရာရှိတွေအပြင် နိုင်ငံရေးအကျဉ်းသားတွေပြောင်းရွှေ့ခံရတာပါ။

 

အိုးဘိုထောင်ထဲ ပုံမှန်ထားရမယ့် လူဦးရေထက် ကျော်လွန်ပြီး အဆောင်အတွင်း တစ်ဦးနဲ့ တစ်ဦး ထပ်လုနီးပါးနေထိုင်နေရလို့ နံရံပြတင်းပေါက်အနီး နေထိုင်ခွင့်ရလိုသူတွေဟာ ငွေကျပ်သိန်းဂဏန်းအထိ ထောင်ဝန်ထမ်းတွေကို ပေးဆောင်ရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

 

အဲဒါကြောင့် ဇွန်လ ၈ ရက်နောက်ပိုင်းကစပြီး အဲဒီက ဦးစီးအရာရှိ အမျိုးသမီးတစ်ဦးအပါအဝင် အရာရှိတချို့နဲ့ ဝန်ထမ်းတချို့ကို စစ်ကောင်စီအကျဉ်းဦးစီဌာနက ရာထူးလျှော့ချတာ၊ ထောင်ပြောင်းတာ၊ အလုပ်မှထုတ်ပယ်တာတွေ ပြုလုပ်ခဲ့တဲ့အပြင် အိုးဘိုထောင် ထောင်ပိုင်ကိုပါ လွိုင်ကော်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

 

” အဓိကကတော့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လာဘ်စားမှုတွေအပါအဝင် ရေလုံလုံလောက်လောက်ပေးမချိုးတာတွေ၊ အမျိုးသမီးတွေအပေါ်မှာ လုံလောက်တဲ့ နေရာထိုင်ခင်း မပေးတဲ့ကိစ္စတွေ သိထားရပါတယ်ဗျ” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် အိုးဘိုထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်ကို ဇွန်လ ၁၅ ရက်မှာ မကွေးထောင်နဲ့ မြင်းခြံထောင်တို့ကို ပြောင်းရွှေ့ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

 

အိုးဘိုထောင်က အကျဉ်းသားတွေထောင်ပြောင်းရွှေ့ခံရသလို ကျိုက်မရောအကျဉ်းထောင်မှာလည်း နိုင်/ကျဉ်းတွေအပါအဝင် တခြားအကျဉ်းသားတွေကိုလည်း စစ်ကောင်စီရဲ့အကျဉ်းဦးစီးဌာနက ထောင်ပြောင်းရွှေ့တာတွေလုပ်ဆောင်ခဲ့ပါတယ်။

 

ကျိုက်မရောထောင်က ပြောင်းရွှေ့ခံရသူတွေထဲမှာ နိုင်/ကျဉ်းအမျိူးသမီးအများစုပါဝင်ပြီး ဒိုက်ဦးအကျဉ်းထောင်ကိုပို့ခံရတဲ့ အမျိုးသမီးအကျဉ်းသူတွေကို အကျဉ်းထောင်က အကြမ်းဖက်မှုတွေ ပြုလုပ်ခံရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

 

အဲဒီနိုင်/ကျဉ်းအမျိုးသမီးတွေကို မူးယစ်ဆေးမှုနဲ့ ထပ်မံတရားစွဲဆိုဖို့ကြိုးစားနေတယ်လို့လည်း သိရှိရပြီး သေနတ်ပစ်ဖောက်တာ၊ လေးဂွနဲ့ပစ်တာ ဆဲရေးတိုင်းထွာ ပြောဆိုခံရတာတွေရှိတယ်လို့လည်း သိရပါတယ်။

 

“ဒါက မတရားပြုလုပ်တာပါ။ ထောင်ပြောင်းကတည်းက သူတို့ ရှာဖွေရေးတွေလုပ်ပါတယ်။  ဒီထောင်ကမထွက်ခင်လည်း ရှာဖွေရေးကအရင်လုပ်တာပေါ့နော်။ ရှာဖွေရေးလုပ်လို့ အကုန်ရှင်းလင်းပြီဆိုမှ တခြားထောင်ကိုပို့တာ။ ဒါကို မူးယစ်ဆေးဝါးနဲ့ ဖုန်းတွေတွေ့ရှိတယ်ဆိုတာကတော့ မတရားစွပ်စွဲတာပါ” လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP တာဝန်ခံ မဇူးဇူးမေယွန်းက CJ Platformကိုပြောပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေပိုမိုပြုလုပ်လာသလို အခုလက်ရှိ ဒိုက်ဦးအကျဉ်းထောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ကောင်စီက ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ဆိုပါတယ်။

 

လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမရှိတဲ့ အမျိုးသမီးတွေကို အင်အားသုံး အကြမ်းဖက်မှုတွေပြုလုပ်နေတာဟာ များစွာရွံရှာစက်ဆုပ်ဖွယ်ကောင်းကြောင်း၊ အဲဒီလို အကျဉ်းထောင်အတွင်း ဥပဒေမဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး ကျယ်ကျယ်လောင်‌‌လောင် အသံထွက်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်