မောင်တောမြို့ကို ဝိုင်းထားပြီးဖြစ်လို့ ပြည်သူတွေ ချက်ချင်းထွက်ခွာကြဖို့ AA သတိပေးချက်ထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on Jun 17, 2024

ဘင်္ဂလားပင်လယ်အော်နဲ့အပြိုင်တည်ရှိနေတဲ့ ရခိုင်ပြည်၊ မောင်တောမြို့နယ်ထဲက စစ်ကောင်စီလက်ကျန်စခန်းတွေကို အပြီးသတ်တိုက်ခိုက်ရန် တစ်မြို့နယ်လုံးကို အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေက ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်လို့ ပြည်သူတွေချက်ချင်းထွက်ခွာဖို့ AA က သတိပေးတိုက်တွန်းလိုက်ပါတယ်။

 

တိုက်ပွဲတွေ ပြင်းထန်လာရင် မောင်တော ပြည်သူတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရလို့ မနေ့ ဇွန်လ ၁၆ ရက်၊ ည ၉ နာရီမှစတင်ပြီး မြို့တွင်းမှ အမြန်ဆုံးထွက်ခွာကြရန် AA က အလေးအနက် အသိပေးပါတယ်လို့ ဆိုပါတယ်။

 

AA အနေနဲ့ မောင်တောဒေသက စစ်ကောင်စီရဲ့ စခန်းအားလုံးနီးပါးကို ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ စခန်းအများအပြားသိမ်းပိုက်ထားနိုင်ပြီး မောင်တောနဲ့ အနီးတဝိုက်က စစ်ကောင်စီ လက်ကျန်စခန်းတွေကို ဝိုင်းရံ ပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တယ်လို့ AA က ပြောပါတယ်။

 

စစ်ကောင်စီဟာ မောင်တောမြို့ကို စစ်စခန်းများသဖွယ် အသုံးပြုပြီး မြို့ပြစစ်ဆင်ရေး ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားတာ ကာလအတန်ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

 

ဒါကြောင့် လက်ကျန်စခန်းအားလုံးကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်လို့ မောင်တော မြို့သူ/သားတွေအနေနဲ့ စစ်ကောင်စီရဲ့ လမ်းမ၊ အိမ်များအတွင်း ခုခံစစ်ပြင်ထားတဲ့ နေရာများ၊ တိုက်တာအဆောက်အအုံတွေပေါ်က စနိုက်ပါပစ်ဖို့ ပြုလုပ်ထားတဲ့နေရာများနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာတွေမှာ ပူးတွဲနေထိုင်ခြင်းမျိုးမလုပ်ကြဖို့ အာရက္ခတပ်တော် AA က ဆက်လက်သတိပေးသွားပါတယ်။

 

မောင်တောဒေသတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

 

ဓာတ်ပုံ – အာရက္ခတပ်တော် AA

 

Related News

Depend on news