တီးတိန် တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jun 13, 2024

ချင်းပြည်(မြောက်ပိုင်း) တီးတိန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးခဲ့တဲ့အပြင် ဒေသခံအရပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်(ဇိုလဲန်း)က ဒီနေ့ ဇွန်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ တီးတိန်မြို့ပြင်မှာ မနေ့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၂၀ ခန့်က စစ်ကောင်စီမှ အင်အားအများပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး/ငယ်တို့နဲ့ အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာဖြစ်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“တီးတိန်မြို့အပြင်မှာ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး နေရာယူထားပါတယ်။ ကျွန်တော်တို့ နေရာယူထားတဲ့ဘက်ကို မနေ့က စစ်ကောင်စီကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး၊ RPG တွေနဲ့ စတင်ပစ်ခတ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က ရဲဘော် ငါးဦးကျတယ်” လို့ သူက ဆိုပါတယ်။

 

ကျဆုံးသွားတဲ့သူတွေဟာ PDF Zoland မှ ရဲဘော်တွေဖြစ်ကြတဲ့ ထန်ဆောမ်းလျန်း၊ ဇမ်းပျမ်းတွောန်၊ ခိုင်ရှန်းဆွောန်းဆန်၊ ထန်ရှန်းစန်း မွောင်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှ ရဲဘော် ထျန်းထောင်တို့ဖြစ်ကြောင်း သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီက ပစ်ခတ်တဲ့ ကျည်ဆံတွေ ထိမှန်လို့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးမှာ လက်တစ်ဖက် ပြတ်ထွက်သွားတယ်လို့ တီးတိန်ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တစ်ယောက်ကတော့ ရိုးရိုးကျည်ဆန် ထိမှန်တာဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အသက် ၅၆ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး။ သူက စစ်ဘေးရှောင်ရာကနေ အိမ်ကိုလာကြည့်တာ။ အဲဒီမှာ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကျည် ထိမှန်လို့ လက်တစ်ဖက်ပြတ်ထွက်သွားတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

 

လက်ရှိ တီးတိန်မြို့မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး ဒေသခံအားလုံးနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – PDF(Zoland)