အကျဉ်းထောင်ထဲကဖြေဆိုသူ ဝိဇ္ဇာတွဲမှာ တစ်နိုင်ငံလုံး တတိယချိတ် အကျဉ်းထောင်ကအောင်မြင်သူတွေ ပညာဆက်သင်ခွင့်ရရေးလုပ်ဆောင်ပေးဖို့တိုက်တွန်းခဲ့တယ်လို့ လူ့အခွင့်အရေးကော်မရှင်ဆို

Author လဂွန်းအိမ်
Categories
Published on Jun 13, 2024

၂၀၂၃-၂၄ ပညာသင်နှစ် ၁၂ တန်းစာမေးပွဲကို အကျဉ်းထောင်ထဲကနေ ဖြေဆိုသူတွေထဲက တစ်ဦးဟာ ဝိဇ္ဇာဘာသာရပ်မှာ တစ်နိုင်ငံလုံး တတိယ ချိတ်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တစ်နိုင်ငံလုံးက အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ရာမှာ ဇွန်လ ၁၁ ရက် အောင်စာရင်းထဲ စုစုပေါင်း ၂၄ ဦးပါဝင်လာခဲ့တယ်လို့ စာစစ်ဦးစီးဌာနရဲ့ အောင်စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီထဲ ဝိဇ္ဇာဘာသာရပ်မှာ လေးဘာသာ ဂုဏ်ထူးနဲ့ တစ်နိုင်ငံလုံး တတိယရသူအပါအဝင် ဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့သူ ၁၀ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ပထမဆုံး ၁၂ တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား ၇ ဦးနဲ့ မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦးအောင်ခဲ့ကြတာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

 

ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနဲ့ လူငယ်သင်တန်းကျောင်းတွေကနေလည်း ၁၀ ဦးအောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါကြောင့် အဲဒီနေရာတွေကနေ အောင်မြင်ခဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပညာဆက်လက်သင်ယူခွင့်ရရေး လုပ်ဆောင်ပေးမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ယုံကြည်သကဲ့သို့ ပညာဆက်သင်ယူလိုသူတွေကို သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ အကြံပြုတိုက်တွန်းခဲ့တယ်လို့ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအစိုးရလက်ထက် နောက်ဆုံးကျင်းပခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲရဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ အောင်စာရင်းအရ အကျဉ်းထောင်အသီးသီးမှ အောင်မြင်ခဲ့သူဦးရေ ၁၀၈ ဦးအထိရှိခဲ့ပြီး ဂုဏ်ထူးရသူ ၇၈ ဦးရှိခဲ့ပါတယ်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တစ်လခန့်အကြာ စက်တင်ဘာ ၅ ရက်နေ့မှာ အောင်မြင်ခဲ့သူတွေထဲက ၅၅ ဦးကို ပညာဆက်လက်သင်ကြားနိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၃၈ ဦးကို လျှော့ရက်တွေ ခံစားခွင့်ပေးခဲ့ပါသေးတယ်။

 

ဓါတ်ပုံ – စစ်ကောင်စီ