ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အဘွားအို ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ ကလေး ၁ ဦး ပျောက်ဆုံးနေ

Author ဆလိုင်း
Categories
Published on Jun 12, 2024

ချင်းပြည်၊ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အဘွားအို တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ကလေးငယ်တစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

မနေ့ ဇွန်လ ၁၁ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက ချင်းလက်မွန်ကျေးရွာထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီက ချင်းလက်မွန်ကျေးရွာအလယ်တည့်တည့်ကို ဗုံးသီး လေးလုံးထက်မနည်း တိုက်ခိုက်ခဲ့တာဖြစ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရသလို စာသင်ကျောင်းနဲ့ နေအိမ် ခုနစ်လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အဲဒီဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“အသက် ၈၀ ကျော် အဘွားအိုတစ်ယောက်တော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တဲ့ ယောကျာ်းလေး နှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ဒဏ်ရာရတယ်။ နေအိမ် ခုနစ်လုံးလောက်ပျက်စီးသွားပြီး ကျောင်းဆောင်နှစ်ဆောင်လည်း ပျက်စီးသွားပါတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ကျေးရွာထဲက ကလေး တစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသွားတဲ့ အဘွားဘိုးဟာ ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားကာ သူရဲ့အလောင်းကို မနေ့ ဇွန်လ ၁၁ ရက်ကပဲ ရွာသားတွေက သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

 

ဇွန်လ ၁၀ ရက်နေ့တုန်းကလည်း မတူပီမြို့နယ်၊ အမ်ဆွေးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားပြီး အရပ်သား နေအိမ် လေးလုံးထက်မနည်း ပျက်စီးသွားပါတယ်။

 

ဓာတ်ပုံ – CJ