စစ်ကောင်စီ ဗိုလ်မှူးသုံးဦးနဲ့ အရာရှိတွေအပါအဝင် ၄၅ ဦး တစ်လအတွင်း အလင်းဝင်

Author မင်းထက်
Categories
Published on Jun 11, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေအပါအဝင် လက်အောက်ခံ ၄၅ ဦး ပြည်သူ့ဘက်တော်သားအဖြစ် မေလ တစ်လအတွင်း အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ဒီနေ့ ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

 

အဲဒီ ၄၅ ဦးထဲ ဗိုလ်မှူး သုံးဦး၊ ဗိုလ်ကြီး တစ်ဦး၊ ဗိုလ် တစ်ဦးနဲ့ ဒုရဲအုပ် တစ်ဦးတို့ပါဝင်တယ်လို့ MoD က ဆိုပါတယ်။ သူတို့ဆီကနေ လက်နက်မျိုးစုံ ၂၄ ခုနဲ့ ဆက်စပ်ပစ္စည်းတွေရရှိခဲ့ပြီး လက်နက်နဲ့အလင်းဝင်လာသူတွေကို လက်နက်တန်ဖိုးအလိုက် ဆုငွေတွေချီးမြှင့်ခဲ့တယ်လို့လည်း NUG ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။

 

၎င်းတို့ဟာ MoD ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေဆီကို ဆက်သွယ် ကူးပြောင်းလာတာလို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မ လူသစ်စုဆောင်းခံရသူတွေအပါအဝင် အလင်းဝင်လိုသူ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင်တယ်လီဂရမ်ချန်နယ် @MyanmarPeople သို့ဖြစ်စေ၊ နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေဆီတို့ကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG က တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – MOD

 

ပုံစာ – ပုခုက္ကူမြို့နယ်(ပကဖ)ကို ဆက်သွယ်ပြီး အလင်းဝင်လာတဲ့ ရဲတပ်သားကို ဆုကြေးငွေချီးမြှင့်နေပုံ