တန့်ဆည်မှာ အရပ်သား သုံးဦး စစ်ကောင်စီစစ်ကြောင်းတွေရဲ့ သတ်ဖြတ်ခံရ

Published on Jun 11, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်ထဲက ညောင်လေးပင်နဲ့ အိုးသည်ကုန်းကျေးရွာတို့က ဒေသခံအရပ်သား သုံးဦးဟာ စစ်ကောင်စီစစ်ကြောင်းနှစ်ခုရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

မေလ ၂၇ ရက် မနက် ၈ နာရီခန့်မှာ ခမရ ၃၆၁ တပ်သားတွေနဲ့ ပြည်သူ့စစ်တွေရဲ့ စစ်ကြောင်းဟာ တုတ်တလုတ်(တောင်)ရွာကနေ စီးနင်းဝင်ရောက်လာချိန် အနီးနားရွာဖြစ်တဲ့ညောင်လေးပင်ရွာက ရွာသားနှစ်ဦးဟာ စစ်ကြောင်းလွတ်တဲ့ဘက်ကိုပြေးရင်း စစ်ကြောင်းနဲ့တည့်တည့်တိုးလို့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာလို့ ညောင်လေးပင်ရွာခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဦးမြင့်နိုင်(၅၃)နှစ်ကိုတော့ ဖမ်းဆီးခဲ့တဲ့နေ့မှာပဲ သတ်ဖြတ်ခဲ့ပြီး ညောင်လေးပင်ရွာကို ခြောက်ရက်ကြာ စစ်ကြောင်းထိုးပြီးနောက် ကိုအောင်မြင့်ထွန်းကိုတော့ ချောင်းဆုံရွာအထိ ဖမ်းခေါ်ခဲ့ပြီး ဇွန်လ ၃ ရက် နေ့လယ်ပိုင်းကျမှ သတ်ဖြတ်ခဲ့တာလို့ သူတို့နှစ်ယောက်နဲ့ သိကျွမ်းသူ လုံခြုံရေးအရနာမည်မဖော်လိုတဲ့ အဲဒီဒေသခံက ပြောပါတယ်။

 

ဇွန်လ ၃ ရက်နေ့ စစ်ကြောင်းဆုတ်ခွာသွားပြီးနောက် အဲဒီကဒေသခံတွေ ရွာတွေဆီပြန်လည်ဝင်ရောက်ချိန်မှာ အဲဒီစစ်ကြောင်းက ချောင်းဆုံရွာထဲက စပါးတိုက်(စပါးကျီ)ပေါ် မီးတင်ရှို့ထားတဲ့ ကိုအောင်မြင့်ထွန်းရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့လို့ ဇွန်လ ၃ ရက် ညနေပိုင်းမှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ ရွာကို ရှင်းလင်းရေးဝင်ချိန် ကိုမြင့်နိုင်အလောင်းကတော့ ပုတ်ပွနေပြီ ဦးခေါင်းခွံနဲ့ လက်မောင်းလေးတွေပဲ ကောက်လို့ရတယ်။ ကိုအောင်မြင့်ထွန်းကိုတော့ စပါးတိုက်ထဲ တင်ပြီးမီးရှို့သွားတာ” လို့ သူက ပြောပါတယ်။

 

အထက်ပါစစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းဟာ တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ကျေးရွာဘက်ကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျွန်းလယ်မြို့နယ်ဘက်က နောက်ထပ်စစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ အိုးသည်ကုန်းကျေးရွာကိုဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်ကာ အဲဒီရွာခံ ဦးကျော်နိုင်(၄၃)နှစ်ကို ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ အဲဒီရွာခံတွေဆီကနေ သိရပါတယ်။ ဦးကျော်နိုင်ကို အဲဒီနေ့ညနေပိုင်းမှာ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ဦးဝါသဝ စစ်ကြောင်းထိုးလို့ ပြေးနေရတဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်တွေ(ပုံဟောင်း)