အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားပေမဲ့ စစ်ကောင်စီက TNLA ကို ရန်စတိုက်ခိုက်မှုတွေပြုလုပ်နေ၊ TNLA တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Jun 10, 2024

တရုတ် ကြားဝင်မှုနဲ့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်ပြီး ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား အပစ်ရပ်ခဲ့ကြပေမဲ့ စစ်ကောင်စီတပ်ဘက်က ရန်စတဲ့အနေနဲ့ တအောင်းတပ် TNLA တပ်စခန်းတွေရှိရာကို လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ TNLA တပ်ဖွဲ့ဝင်သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပလောင်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ဆိုပါတယ်။

 

စစ်ကောင်စီဟာ ဇွန်လ ၁ ရက်မှ ၉ ရက်အထိ TNLA စခန်းတွေကို လက်နက်ကြီးတွေနဲ့အပြင် လေကြောင်းပါအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တအောင်းဒေသ မိုးမိတ်မြို့နယ်အတွင်းမှာရှိတဲ့ TNLA တပ်စခန်းရှိရာကို လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေပါ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

စစ်ကောင်စီဟာ မိုးမိတ်မြို့နယ်ထဲက ပန်တင်ရွာနဲ့ မန်ပိန်းရွာကြားရှိ TNLA တပ်စခန်းကို ညနေ ၄ နာရီခွဲခန့်မှာ လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် ညနေ ၅ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀ဝ ဗုံး တစ်လုံး လာရောက်ကြဲချခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် TNLA ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်တွေဟာ တအောင်းတပ်စခန်းများရှိရာ နေရာတွေကို ဇွန် ၁ မှ ၉ ရက်အထိ လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့လည်း PSLF/TNLA က ဆိုပါတယ်။

 

စစ်ကောင်စီက အခု လပိုင်းအတွင်း ရှမ်းမြောက်မှာ လက်နက်နဲ့ လူအင်အားဖြည့်တင်းပြီး စစ်ပြင်နေတယ်လို့ အခု ဇွန်လ ၆ ရက်နေ့က ပြောဆိုထားပြီး ထိုအချိန်ထဲက TNLA ထိန်းချုပ်ရာကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ ကျေးရွာရှိပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

 

လက်ရှိ တအောင်းတပ် TNLA ဟာ ရှမ်းမြောက်မှာ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ခုနစ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

 

အာရက္ခတပ်တော် AA ၊ တအောင်းတပ် TNLA နဲ့ ကိုးကန့်တပ် MNDAA တို့ရဲ့ ညီနောင်သုံးဖွဲ့ဟာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ တရုတ်ပြည်ထဲ စစ်ကောင်စီနဲ့ သုံးကြိမ်အထိ တွေ့ဆုံခဲ့ရာ နောက်ဆုံးအကြိမ်မှာ ဟိုင်ဂင်သဘောတူညီချက် ရရှိပြီးနောက် ဒီနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ကစတင်ပြီး ရှမ်းမြောက်မှာ အပစ်ရပ်ခဲ့ကြပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA