ယင်းမာပင်နဲ့ ဆားလင်းကြီးက စစ်ရှောင်တွေအတွက် အကူအညီများ အရေးပေါ်လိုအပ်

Author မင်းထက်
Categories
Published on Jun 04, 2024

စစ်ကောင်စီစစ်ကြောင်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့က ဒေသခံပြည်သူအများအပြားဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး စတဲ့အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းတွေဟာ အဲဒီမြို့နယ်တွေက ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေတာဟာ ပြီးခဲ့တဲ့ဧပြီလ ၂၃ ရက်ကတည်းကဖြစ်တဲ့အတွက် တစ်လခွဲခန့်ကြာမြင့်ပြီဖြစ်ပါတယ်။ ဒါကြောင့် ယာယီစစ်ရှောင်နဲ့ ရေရှည်စစ်ရှောင် စုစုပေါင်း ၁၀,ဝ၀ဝ ဦးကျော်ရှိနေပြီဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ပြည်သူမှ ပြည်သူအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“စစ်ရှောင်တွေက တစ်လခွဲကြာပြီ။ စားနပ်ရိက္ခာ၊ ဆေးဝါးရယ်၊ နေမှုထိုင်မှုအခက်အခဲတွေလည်းရှိတယ်။ ရာသီဥတုကြောင့် ကျန်းမာရေးဖောက်ပြန်မှုတွေရှိလာပြီး အပူရှိန်ကြောင့် မောပမ်းတာ၊ ကလေးတွေ အဖုအပိန့်တွေထတာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

တိမ်းရှောင်နေရတာဟာ ကာလရှည်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် အမိုးအကာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ထိုစစ်ရှောင်ပြည်သူတွေအတွက် ဒေသဆိုင်ရာ စစ်ရှောင်ကူညီရေးအဖွဲ့အစည်းတွေက ကူညီမှုတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့အဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့အနည်းငယ်ရရှိပေမဲ့  ရက်ရှည်တိမ်းရှောင်သူတွေအဖို့ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

 

နိုင်ငံနဲ့တဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော်ရှိနေပြီး ဒါဟာ ခြောက်လအတွင်း ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ရဲ့ ပြီးခဲ့တဲ့ မေလ ၄ ရက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူမှပြည်သူသို့

 

ပုံစာ – ဧပြီလတုန်းက စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ဘေးလွတ်ရာတိမ်းရှောင်နေကြရတဲ့ ဆားလင်းကြီးမြို့နယ်က ဒေသခံပြည်သူများ