လောက်ကိုင်မှာ လက်နက်မချဘဲ စခန်းစွန့်ခွာလို့ သူကောင်းပြုခံရသူ ဗိုလ်မှူးချုပ် မင်းမောင် ထောင်ဆယ်နှစ်ချခံရ နောက်လိုက်များက လားရှိုးထောင်ကို ဖောက်ထွင်း ကယ်တင်မယ်လို့ သတင်းထွက်ပေါ်နေ

Author ကိုထားဝယ်
Categories
Published on Jun 03, 2024

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့တိုက်ပွဲထဲ ကိုးကန့်တပ် MNDAA ဆီ လက်နက်မချဘဲ စခန်းစွန့်ခွာ ထွက်ပြေးခဲ့လို့ စစ်ကောင်စီရဲ့ သူရဲကောင်းအဖြစ်သတ်မှတ်ခံရသူ ဗိုလ်မှူးချုပ် မင်းမောင်ကို စစ်ကောင်စီက မေလ ၂၄ ရက်နေ့မှာ ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခဲ့တယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။

 

ဒါကြောင့် သူ့ရဲ့ နောက်လိုက်တွေနဲ့ သူနဲ့အတူ ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၄၀ ဆင်းခဲ့ကြသူတွေကလည်း မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။

 

“မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးပြီး မင်းမောင်ကို ဆုတ်ခိုင်းခဲ့တာ။ ပြီးတော့ ဆယ်နှစ် ချပစ်လိုက်တယ်။ အဲဒီတော့ သူရဲ့တပည့်တွေနဲ့ အပတ်စဉ်ကလူတွေက မကျေနပ်ကြဘူးပေါ့။ မင်းမောင်ကိုကျတော့ အထဲက ဗိုလ်မှူးချုပ်ခြောက်ယောက်ရဲ့ လက်ချက်နဲ့ ဝင်သွားရတာ” လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

ဒါကြောင့် ဗိုလ်မှူးချုပ် မင်းမောင်ကို ဖမ်းဆီးထားတဲ့ လားရှိုးအကျဉ်းထောင်ကို ဖောက်ထွင်းကာ ကယ်တင်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အကျဉ်းထောင်ကို လုံခြုံရေးများ ထပ်မံတိုးချထားကြောင်း သိရပါတယ်။

 

MNDAA ရဲ့ လောက်ကိုင်တိုက်ပွဲထဲ ဗိုလ်မှူးချုပ် ခြောက်ယောက်က လက်နက်ချခဲ့ပေမဲ့ ဗိုလ်မှူးချုပ် မင်းမောင်တစ်ယောက်ပဲ လက်နက်မချဘဲ တပ်ဖွဲ့အင်အား ၃၅၀ ကျော်နဲ့အတူ စခန်းစွန့်ခွာထွက်ပြေးခဲ့လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သူရဲကောင်းအဖြစ် မြှောက်စားခံရတဲ့အပြင် စစ်ကောင်စီက စကခ(၁)တပ်မမှူးအဖြစ် ဆက်လက်ခန့်အပ်ခြင်းခံခဲ့ရသူပါ။

 

လက်နက်ချလို့ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ် ခြောက်ဦးကတော့ သေဒဏ်ချမှတ်ခံထားရပြီး အင်းစိန်ထောင်ထဲမှာ ထိန်းသိမ်းခံထားရပါတယ်။

 

ဒါကြောင့် အချင်းချင်း မကျေနပ်လို့ ဖော်ကောင်လုပ်ရာကနေ စစ်ကောင်စီက မင်းမောင်ကို ဟိုပန်ဒေသမှာ တာဝန်ကျစဉ် ကျားဖြန့်တွေဆီက ငွေယူတယ်ဆိုပြီး ဖမ်းဆီးပြီးနောက် ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်လိုက်တာဖြစ်ပါတယ်။

 

စစ်တက္ကသိုလ် ဗိုလ်လောင်သင်တန်း အပတ်စဉ် ၄၀ ဆင်းဖြစ်တဲ့ မင်းမောင်ဟာ အခု လားရှိုးထောင်ထဲမှာ အကျဉ်းချခံထားရတာကြောင့် သူ့ကို ကယ်ထုတ်ဖို့ သူ့တပည့်တွေက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်