အုတ်ဖိုက လူငယ် ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

Author Gold 
Categories
Published on May 31, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာတွေမှာရှိတဲ့ လူငယ် ၂၀ ကျော်ကို အကြောင်းပြချက်မပေးဘဲ စစ်ကောင်စီတပ်သားတွေကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီက ဒေသခံတွေဆီကနေ သိရပါတယ်။

 

အဲဒီမြို့နယ် ဂုံမင်းရှိုရွာရှိ စပါးစိုက်သူတွေကို မေလ ၃၀ ရက် မနက် ၁၀ နာရီလောက်မှာ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဒါ့အပြင် ခမရ (၆) တိမ်မြုတ်တပ်က စစ်ကောင်စီတပ်သားတွေဟာ စစ်ကားနှစ်စီးနဲ့ အေးမြသာယာကျေးရွာ (၂) နဲ့ (၃) ရပ်ကွက်တို့ထဲက လူငယ်ခြောက်ယောက်လောက်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြန်တယ်လို့ အဲဒီက ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

တစ်ဆက်တည်းမှာ ဂုံမင်းရှိုကျေးရွာအနီးက လယ်ကွင်းမှာ စပါးကျဲဖို့ ဆင်းလာတဲ့ ဂုံမင်းရှိုကျေးရွာသား (၁၅) ဦးလောက်နဲ့ ချောင်းရိုးထဲ ငါးမျှားနေတဲ့ အသက် (၁၈)နှစ်လောက် လူငယ်နှစ်ဦးအပါအဝင် ၂၀ ဦးအထက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

“အေးမြသာယာထဲမှာ ဝင်ဖမ်းတာကတော့ အကြောင်းပြချက်မရှိဘူး။ လယ်ထဲမှာ စပါးကျဲတဲ့ သူတွေကိုလည်း လမ်းပေါ်မှာတွေ့တာနဲ့ ဖမ်းသွားတယ်။ ၂၀ နဲ့အထက်ပဲ။ အိမ်တိုင်ပုံရွာက လည်းပါတယ်” လို့ အဲဒီဒေသခံအမျိုးသားက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးထားသူတွေကို ခမရ (၆) တိမ်မြုတ်တပ်ထဲကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ မိသားစုတွေနဲ့ အဆက်သွယ်မရသေးဘူးလို့လည်း သိရပါတယ်။

 

ဒါ့အပြင် မေလ ၂၇ ရက်က ဆိုင်ကယ်လိုင်စင်ဖမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေက ဒေသခံ ၃၀ ကျော်ကို ဆိုင်ကယ်ရော လူပါ ဖမ်းဆီးပြီး သဲကုန်းထွေအုပ်ရုံးကို ခေါ်ဆောင်သွားတယ်လို့ သဲကုန်းဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ တို့အတွက် ပဲခူးတိုင်းထဲက ကျေးရွာတွေကို ပစ်မှတ်ထား စစ်သားစုဆောင်းတာတွေ ပြုလုပ်ခဲ့ကြတာပါ။ အခုလည်း အပတ်စဉ် ၃ အတွက် စစ်သားစုဆောင်းခြင်းတစ်မျိုးဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်