ငဖဲမှာ ကင်းသွားချိန်းတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Author ဆလိုင်း
Categories
Published on May 31, 2024

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကင်းသွားချိန်းတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦး တိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ်(အရှို)မှ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

 

ငဖဲမြို့နယ် ရှောက်တောင်အခြေစိုက် စစ်ကောင်စီကပစ(၁၄)ရဲ့ ကင်းဂိတ်တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ကင်းသွားပြောင်းစဉ် မနေ့ မေလ ၃၀ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ CDF(အရှို)မှ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး MA-1 သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည်ဆန် ၂၀ တောင့် သိမ်းဆည်းရမိတယ်လို့ CDF(အရှို)မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောပါတယ်။

“ကျွန်တော်တို့က သူတို့ကင်းသွားချိန်းမယ့်အချိန်ကို စောင့်နေတာပေါ့နော်။ အဲဒီ ပစ်ခတ်မှု မဖြစ်ခင်မှာ ကျွန်တော်တို့က လက်နက်ချဖို့ ပြောတယ်။ သူတို့က လက်နက်မချဘဲ သေနတ်မောင်းတင်ဖို့ လုပ်တယ်။ အဲဒါကြောင့် မလွှဲမရှောင်သာလို့ ပစ်ခတ်လိုက်ရတာပါ။ တစ်ယောက်က သေသွားပြီး တစ်ယောက်တော့ သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကပစ(၁၄)ကင်းဂိတ်ဟာ ငဖဲမြို့နယ် တောင်ပေါ်ကျေးရွာတွေမှာ ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုတွေမှာ အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်း၊ အကျင့်ပျက်ရိုင်းပြမှုတွေ ပြုလုပ်နေတာကြောင့် တိုက်ခိုက်တာလို့ ဆိုပါတယ်။

အဲဒီကင်းဂိတ်ဟာ တောင်ပေါ်ဒေသ ချင်းရွာတွေကို ဆန် ၆ ပြည့်နဲ့အထက် သယ်ယူခွင့် ကန့်သတ်ထားသလို ဆား၊ ငါးပိ ၂ ပိဿာနဲ့အထက် သယ်ယူခွင့်မပေးတဲ့အပြင် စက်သုံးဆီတွေ လုံးဝသယ်ယူခွင့် မပေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ကျွန်တော်တို့ တောင်ပေါ်ဒေသ ချင်းရွာတွေက ဆန်နဲ့ စားသောက်ကုန်တွေကို ပဒါန်းမြို့မဈေးသွားဝယ်ရတယ်။ အဲဒီလိုဝယ်တဲ့ခါ စစ်ကောင်စီဂိတ်တွေက ဆန်ကို လိုသလောက် သယ်ခွင့်မပေးဘူး။ ပြီးတော့ တခြားကုန်ပစ္စည်းတွေလည်း အကန့်သတ်နဲ့ပဲ သယ်ယူရတယ်။ ဓာတ်ဆီဆို ဖမ်းတယ်” လို့ သူက ဆိုပါတယ်။

 

ငဖဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က မထုံး၊ ဂုတ်စည်းရိုးနဲ့ ကံမြင့်ကန်ကျေးရွာတို့မှ ချင်းအမျိုးသား ၁၅ ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး အဲဒီထဲက ချင်းအမျိုးသား လေးဦးကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဓာတ်ဆီ ခိုးသယ်ယူမူနဲ့ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ