မရမ်းကုန်းမှာ စစ်မှုထမ်းဖို့ လူငယ်တစ်ဦးကို အိမ်ပေါ်အထိ စစ်ကောင်စီလက်ပါးစေတွေ လာဖမ်းခေါ်

Author ကိုထက်
Categories
Published on May 31, 2024

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်မှုထမ်းဖို့ စစ်သင်တန်းသွားရမယ်လို့ဆိုကာ မနေ့ မေလ ၃၀ ရက်က စစ်ကောင်စီလက်ပါးစေတွေက နေအိမ်ပေါ်ထိ လာတက်ဖမ်းခေါ်သွားတယ်လို့ အနီးနားရှိမျက်မြင်တွေက CJ Platform ကိုပြောပါတယ်။

 

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် သမိုင်းမြို့သစ်(၁)လမ်း‌မှာနေထိုင်တဲ့ အဲဒီလူငယ်ကို စစ်ကောင်စီလက်ပါးစေတွေဖြစ်တဲ့ ရာအိမ်မှူးနဲ့ ပျူစောထီးလူမိုက်တွေက လာခေါ်သွားတာလို့ အဲဒီလမ်းက မျက်မြင်တွေက ပြောပါတယ်။

 

“ကောင်လေးက အိမ်မှာတစ်ယောက်တည်းရှိနေတာ။ မိဘတွေက အပြင်သွားနေကြတာ” လို့ မြို့သစ် ၁ လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် အခုလို လူကြီးမိဘတွေမရှိချိန် အကြမ်းဖက်ပြီး လာရောက်ခေါ်ဆောင်မှုနဲ့ပတ်သက်ပြီး သူက “မဲပေါက်ထားလို့ လာခေါ်တာလား။ ဘာလားတော့ မသိဘူး။ အဲဒီလိုဆိုလည်း သေချာမိဘတွေကိုပြောပြီးခေါ်ပေါ့။ အခုဟာက အတင်းကိုခေါ်သွားသလိုလုပ်သွားတာ” လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

 

မရမ်းကုန်းမြို့နယ်အတွင်းမှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေနဲ့ စာရင်းကောက်ထားသူတွေကို အိမ်တွေအထိ အင်အားသုံးခေါ်ဆောင်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

“အပတ်စဉ် ၁ ထဲက သူတို့အဲဒီလိုလုပ်နေတာ။ လူငယ်တွေ ပြေးမှာဆိုးလို့ဆိုပြီး။ လူမိုက်တွေ လာခေါ်ရင်ခေါ်၊ မဟုတ်ရင် စစ်ကားနဲ့ကိုခေါ်တာ” လို့ မြို့သစ် ၁ လမ်းနေသူက ထပ်မံပြောပြပါတယ်။

 

ရန်ကုန်က အင်းစိန်၊ သန်လျင်နဲ့ ဒဂုံမြို့သစ်မြို့နယ်တွေမှာ ညဘက် ရပ်ကွက်ထဲ အုပ်စုလိုက်သွားလာနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်မေးပြီး ကိုယ့်သဘောအလျောက် စစ်မှုထမ်းဖို့ လက်မှတ်ထိုးခိုင်းတာတွေလည်းရှိနေပါတယ်။

 

ဒါ့အပြင် ဒဂုံဆိပ်ကမ်းနဲ့ အရှေ့ဒဂုံမြို့နယ်တွေက လူငယ်အချို့ကိုလည်း စစ်ကောင်စီက မူးယစ်ဆေးတွေနဲ့ ဖမ်းမိတယ်လို့ဆိုကာ စစ်သင်တန်းကို ပို့ဆောင်တာမျိုး လုပ်နေတာပါ။

 

ရန်ကုန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် ကျေးရွာတစ်ရွာကို လူ ဆယ်ဦးအထိခေါ်ပြီး မြို့တွင်းက ရပ်ကွက်တွေကတော့ တစ်ရပ်ကွက်ကို နှစ်ဦးကနေ သုံးဦးအထိ ခေါ်နေတာလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news