ရန်ကုန်မှာ ညဘက်ထွက်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်သားတွေ ဖိအားပေးလက်မှတ်ထိုးခိုင်းမှုများရှိနေ

Author ကိုထက်
Categories
Published on May 29, 2024

ရန်ကုန်က မြို့နယ်တချို့မှာ ညဘက် ရပ်ကွက်ထဲ အုပ်စုလိုက်သွားလာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက ခေါ်ယူစစ်မေးပြီး မိမိသဘောအလျောက် စစ်မှုထမ်းဖို့ ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ ၎င်းတို့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ညပိုင်းကင်းလှည့်ချိန်တွေမှာ အုပ်စုလိုက်သွားလာတဲ့ လူငယ်အမျိုးသားတွေကို အခုလို လုပ်နေတာဖြစ်တယ်လို့ အင်းစိန်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

 

“ဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ ပြန်လာတာ ညဘက် ညဉ့်တော့နည်းနည်းနက်ပြီ။ သူတို့(စစ်ကောင်စီတပ်သားများ)ကင်းလှည့်တာနဲ့တိုးသွားတယ်။ ခေါ်ပြီး တစ်ယောက်ချင်းစီမေးတယ်။ အသက် ဘယ်လောက်တွေလဲ။ အကုန်လုံး သူတို့သတ်မှတ်တဲ့အသက်တွေမီတော့ ကိုယ့်သဘောနဲ့ စစ်မှုထမ်းဖို့ဆိုတဲ့ပုံစံနဲ့ လက်မှတ်ထိုးခိုင်းတာ။ စစ်သင်တန်းတက်ဖို့လာခေါ်ရင် ချက်ချင်းလိုက်ရမယ်လို့လည်း ပြောတယ်။ အိမ်ကို‌ပြန်ပြောပြတော့ အရမ်းစိုးရိမ်နေတယ်။ ဘာလုပ်ရမှန်းလည်းမသိဘူး” လို့ အင်းစိန်မြို့နယ်မှာ ကြုံတွေ့ခဲ့ရသူ လူငယ်တစ်ဦးက ပြောပါတယ်။

 

ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၃ အတွက် စစ်သားကြိုတင်စုဆောင်းမှုတစ်မျိုးလို့ ယူဆရပါတယ်။

 

အခုလို လူငယ်တွေကို ကိုယ့်သဘောဆန္ဒအရ စစ်မှုထမ်းဖို့ အတင်းအကြပ်ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေကို အင်းစိန်မြို့နယ်အပြင် သန်လျင်၊ ဒဂုံမြို့သစ်မြို့နယ်တွေမှာပါ လုပ်ဆောင်နေတယ်လို့ အဲဒီက မြို့ခံတွေဆီကနေ သိရပါတယ်။

 

“ဒီဘက်တွေမှာလည်း အဲဒီလိုလုပ်တာတွေရှိတယ်။ ရပ်ကွက်ထဲ ညဘက်လျှောက်သွားနေကြတဲ့ လေး၊ငါးယောက်လောက်ရှိတဲ့ လူငယ်အုပ်စုတွေကိုဆို ဘယ်ကလဲ။ အသက်ဘယ်လောက်လဲနဲ့မေးပြီး စစ်မှုထမ်းဖို့လက်မှတ်ထိုးခိုင်းတာ၊ နာမည်စာရင်းမှတ်သွားတာတွေလုပ်နေတာ” လို့ သန်လျင်မြို့နယ်နေသူ တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် လှိုင်နဲ့ မရမ်းကုန်းမြို့နယ်တွေမှာတော့ လက်မှတ်ထိုးခိုင်းတာမျိုးတွေ မလုပ်ပေမဲ့ စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒဂုံဆိပ်ကမ်းနဲ့ အရှေ့ဒဂုံမြို့နယ်တွေက လူငယ်အချို့ကို စစ်ကောင်စီက မူးယစ်ဆေးတွေနဲ့ ဖမ်းမိတယ်လို့ဆိုကာ စစ်သင်တန်းကို ပို့ဆောင်တာတွေပါ လုပ်ဆောင်နေတာပါ။

 

ရန်ကုန်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် ကျေးရွာတစ်ရွာကို လူ ၁၀ ဦးအထိခေါ်ပြီး မြို့တွင်းက ရပ်ကွက်တွေကတော့ တစ်ရပ်ကွက်ကို နှစ်ဦးကနေ သုံးဦးအထိ ခေါ်နေတာလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပုံဟောင်း