ရေကြည်က စစ်မှုထမ်းမဲပေါက်သူတွေကို အုပ်ချုပ်ရေးမှူးက သိန်း ၁၅၀ တောင်း

Author လဂွန်းအိမ်
Categories
Published on May 28, 2024

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ နွားရေတိုက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့်လူငယ်တွေကို စစ်ထဲမဝင်ချင်ရင် သိန်း ၁၅၀ ပေးရမယ်ဆိုပြီး တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၁)အတွက် မဲနှိုက်ရွေးချယ်မှုရှိခဲ့ပေမဲ့ နောက်ပိုင်း အပတ်စဉ် ၂ နဲ့ ၃ တို့အတွက်ခေါ်ယူရာမှာတော့ မဲနှိုက်ရွေးချယ်တာမျိုးမလုပ်တော့ဘဲ စစ်ကောင်စီအလိုကျ စစ်မှုထမ်းရမယ့်သူဆီကို သီးသန့်စာပို့ရွေးချယ် ခေါ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

အဲဒါကိုမှ ထပ်ဆင့် နွားရေတိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မြို့နယ်ကရွေးချယ်ပေးလိုက်တဲ့ စာအိတ်တွေကို အများပြည်သူရှေ့မှာ ဖွင့်ဖောက်တာမျိုးမလုပ်ဘဲ လူငယ်တွေကို မဲနှိုက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒီရက်ပိုင်းမှာတော့ မဲနှိုက်တာတွေဆက်တိုက်ဆိုသလိုလုပ်နေပါတယ်။ မဲနှိုက်တဲ့အခါမှာလည်း သူတို့က ဖိအားပေးတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီအုပ်ချုပ်ရေးမှူးက မဲပေါက်သူတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာကို အဲဒီက ဒေသခံက အခုလိုဆက်လက်ပြောဆိုပါတယ်။

 

“မဲပေါက်သူတွေကို သိန်း ၁၅၀ ပေးရင် အပေါ်မှာပြီးအောင်လုပ်ပေးမယ်။ မပေးနိုင်ရင် စစ်ထဲလိုက်ရမယ်။ သင်တန်းတက်ရမယ်” လို့ ပြောတဲ့အကြောင်း နွားရေတိုက်ကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက ပြန်လည်ပြောပြပါတယ်။

 

အဲဒီက စစ်မှုထမ်းမဲပေါက်သူတွေထဲ ထွက်ပြေးတဲ့ လူငယ်တချို့ရှိသလို တချို့လူတွေဟာ ရပ်ရွာကပံ့ပိုးတဲ့ ငွေကြေးယူပြီး စစ်တပ်ထဲလိုက်သွားသူတွေလည်းရှိတယ်လို့ ဆိုကြပါတယ်။

 

ရေကြည်မြို့နယ်အတွင်း စစ်မှုထမ်းမယ့် လူငယ်များအတွက် ပံ့ပိုးဖို့ ငွေကြေးကောက်ခံမှုတွေရှိနေပြီး အဲဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်ဟောင်းတချို့ပင် ပါဝင်နေတယ်လို့ သိရပါတယ်။

 

ရေကြည်မြို့မှာ စစ်ကောင်စီကပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စာရင်းပါသူ လူငယ်တွေကို မှီခိုနေရတဲ့မိသားစုဝင်တွေဟာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာတွေရှိသလို စာရင်းပါလို့ ထွက်ပြေးကြတဲ့ လူငယ်တွေရဲ့ မိသားစုတွေကို စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်တာတွေ ရှိလာခဲ့တယ်လို့သိရပါတယ်။

 

အဘက်ဘက်က စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒီနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုကြေညာခဲ့သလို သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းက စတင်မယ်လို့ စစ်ကောင်စီပြောဆိုခဲ့ပေမဲ့ မတ်လထဲမှာ စစ်သားတွေ စုဆောင်းခဲ့ကြီးပြီးနောက် ဧပြီလဆန်းပိုင်းမှာတင် အမှတ်စဉ် (၁)ကို အလောတကြီးခေါ်ယူခဲ့ကြပါတယ်။

 

အခုဆိုရင် အမှတ်စဉ် (၂) အတွက် ခေါ်ယူသင်တန်းပေးနေပြီဖြစ်ပြီး အပတ်စဉ် ၃ အတွက်လည်း ပြင်ဆင်ထားဖို့ စစ်ကောင်စီ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

Related News

Depend on news