မုံရွာက အကျဉ်းထောင်နဲ့ ရဲစခန်းကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သားနဲ့ ရဲ ခုနစ်ဦးသေဆုံးလို့ဆို

Author မင်းထက်
Categories
Published on May 25, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်အကျဉ်းထောင်နဲ့ ရဲကင်းစခန်းကို မနေ့က မနက်ပိုင်းက တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲထဲ စစ်သားနဲ့ ရဲ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ Snipe Rangers Force (Local – PDF)တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

မေလ ၂၄ ရက် မနက် ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှု ၄၅ မိနစ်အတွင်း စစ်သားငါးဦး ၊ရဲ နှစ်ဦးသေဆုံးခဲ့သလို နောက်ထပ် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

 

ဒါ့အပြင် တော်လှန်ရေး မဟာမိတ်ရဲဘော်တစ်ဦး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ချိန် လက်နက်ကြီးပြောင်းကွဲပြီး အစမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

“တိုက်ခိုက်မူကတော့ တပြိုင်တည်း လက်နက်ကြီးနဲ့ ပစ်ခဲ့တာပါ။ လက်နက်ငယ်ကတော့ ကင်းစောင့်ဖို့ပြင်နေတဲ့အချိန်မှာ  စစ်ကောင်စီက ဦးတာပေါ့နော်။ စစ်ကောင်စီက အရင်ပစ်တာပါ။ အဲဒါကို ကျွန်တော်တို့ ကင်းသမားတွေက ပြန်ပစ်ခဲ့တာပါ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ကို စစ်တပ်က တစ်နာရီခြား တစ်ကြိမ် လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညပိုင်းမှာလည်း သာစည်ကျေးရွာအတွင်း ကင်းလှည့်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီစစ်ဆင်ရေးကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပြောက်ကျားတပ်၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

 

Snipe Rangers Force အနေနဲ့ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ ထောက်ပံ့ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 

ရုပ်သံ – Snipe Rangers Force