ဘုန်းကြီးဦးဝါသဝဦးစီးတဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရပြီး လယ်ဧက ၃၀၀ နီးပါးပျက်စီးမယ့်အရေးကြုံ

Published on May 21, 2024

စစ်ကိုင်းတိုင်း၊ ခင်ဦးခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဘုန်းကြီးဦးဝါသဝဦးစီးတဲ့ ပြည်သူ့စစ်တွေနဲ့ စစ်သားတွေပူးပေါင်းထားတဲ့ စစ်ကြောင်းက  တိုက်ပွဲမရှိဘဲ နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရတာကြောင့် စိုက်ပျိုးရေးမလုပ်နိုင်ဘဲ လယ်ဧက ၃၀၀ နီးပါး ပျက်စီးမယ့်အရေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

တန့်ဆည်မြို့နယ်၊  မှန်ကြိုင်၊မှန်ရင်း၊ပိန္နဲကုန်း၊တောင်စွန်း၊သရက်ဂွကျေးရွာတွေမှာ စစ်ရှောင်ပြည်သူ တွေဟာ လယ်တွေကို ရေသွင်း၊မြေဆီကျဲနဲ့ ပိုးသတ်ဆေးဖြန်းဖို့ အချိန်ဖြစ်နေပေမယ့် ဦးသဝါနဲ့ စစ်ကောင်စီတပ်သားတွေအပါအဝင် ပျူစောထီး(ပြည်သူ့စစ်)တွေက ရွှေကတော်ကျေးရွာထဲမှာ တပ်စွဲထားတာကြောင့် ကျေးရွာဒေသခံတွေဟာ မသွားလာရဲတော့တဲ့အတွက် လယ်ဧက ၃၀၀ နီးပါး ပျက်စီးရမယ့် အခြေအနေရောက်နေပြီလို့ တန့်ဆည်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ ဧပြီလဝက်လောက်ကတည်းက တစ်လနီးပါးရှိပြီ စစ်ရှောင်နေရတာပေါ့။ ရေသွင်းချိန်ကြီးဆိုတော့ ဧက ၃၀၀ လောက်ပျက်စီးမယ့်အနေအထားရောက်နေပါတယ်။ ရှင်တာကတော့ ရှင်နိုင်တယ်ဆိုပေမဲ့ ရာခိုင်နှုန်းပြည့်မထွက်နိုင်တော့ဘူးပေါ့ ” လို့ သူက ပြောပါတယ်။

 

မှန်ကြိုင်၊ မှန်ရင်းအပါအဝင် အနီးနားကကျေးရွာတွေကို ဧပြီလ ၂၁ ရက်က စစ်ကြောင်းတွေထိုးနေပြီး အက်တော၊ သဲကုန်း၊ ရွှေကတော်၊ မူးဂွ၊ မူးတိမ်၊ ရေလည်ကျွန်းနဲ့ နားဋောင်းကျရွာတွေမှာ တပ်စခန်း အသစ်တွေထပ်တိုးထားတာကြောင့် စစ်ရှောင်တွေဟာ လယ်ရေသွင်းဖို့ အနီးအနားကိုတောင် မသွားရဲဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

 

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ်ရှိကျေးရွာတွေမှာ အိမ်ခြေ ၈,၀၀၀ ကျော်နဲ့ စစ်ရှောင်လူဦးရေ ၂၀,၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။  မီးရှို့ခံရတဲ့အိမ်ခြေ ၄၅၀၀ အနက် အိမ်အလုံးရေ ၃၉၄၀ က မီးလောင်ပြာကျခဲ့သလို ၅၆၆ လုံးက တစ်စိတ်တစ်ပိုင်းမီးလောင်သွားပြီး ကျွဲနွားအကောင်ရေ ၃၀၀ ဝန်းကျင်လောက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

လတ်တလော အဲဒီဒေသတွေမှာ စစ်မှုထမ်းဥပဒေကြောင့် မိသားစုလိုက်တိမ်းရှောင်လာသူတွေနဲ့ စစ်ရှောင်ဦးရေမှာ ဆက်လက်တိုးလာနေပြီး မိုးဦးရာသီအစဖြစ်လို့ အမိုးအကာတွေလည်း လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-ပေးပို့

 

Related News

Depend on news