စစ်မှုထမ်းနည်းဥပဒေ(စတုတ္ထမူကြမ်း)ကို ပြင်ဆင်ပြီးပြီလို့ ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌပြော စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပေမဲ့ ပျက်ကွက်သူတွေကို အရေးယူမယ်လို့ဆို

Author ကိုထားဝယ်
Categories
Published on May 21, 2024

နအဖစစ်အစိုးရလက်ထက်က ပြည်သူကိုဖိနှိပ်ခြိမ်းခြောက်ဖို့ရည်ရွယ်ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုလိုက်ပြီးနောက် အခုအခါ ထပ်မံပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ဆောင်ခဲ့ရာမှာ ပြီးသွားပြီလို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

 

အခု ပြင်ဆင်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးဌာန သုံးခုနဲ့ တိုင်းနဲ့ ပြည်နယ် အဖွဲ့ ၆ ခုတို့က ပေးပို့ခဲ့တဲ့ အကြံပြုချက်တွေအပေါ် ဥပဒေကြောင်းအရ သဘောထားပြန်ကြားပေးဖို့ ဥပဒေရေးရာဝန်ကြီးဌာနဆီ ကနဦးပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီဌာနက ပေးပို့လာတဲ့မှတ်ချက်တွေအပေါ် စံပြုလုပ်ထုံးလုပ်နည်းပြုစုရေးဆွဲရေးနှင့် နည်းဥပဒေပြုစုရေးဆွဲရေးအလုပ်အဖွဲ့က ထပ်မံရေးဆွဲခဲ့တာ ပြီးဆုံးသွားပြီလို့ မနေ့ မေလ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ သူက ဘယ်လိုအချက်တွေကို ပြင်ဆင်ခဲ့တာလဲဆိုတာ ထည့်သွင်းပြောဆိုတာမျိုးမရှိသလို အဲဒီပြင်ဆင်ရေးအဖွဲ့ကနေလည်း မူကြမ်းကို ထုတ်ပြန်လာတာလည်း မရှိသေးပါဘူး။

 

အခုပြင်ဆင်ချက်တွေကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူသွားမယ်လို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။

 

ဒါ့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ ဒုတိယဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်းအပတ်စဉ် (၂) ခုအတွက် ဆင့်ခေါ်ခံရပြီး လာရောက်ဖို့ပျက်ကွက်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူဖို့နဲ့ အပတ်စဉ်(၃)ဆက်ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ထားဖို့ ပြောသွားပါတယ်။

 

အရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ်က ရေးဆွဲထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အတည်ပြုခဲ့ပါတယ်။

 

အဲဒီနောက် နိုင်ငံတဝန်း အဓမ္မစစ်သားစုဆောင်းမှုတွေ ချက်ချင်းဆိုသလို လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် ၁ နဲ့ ၂ ကို တိုင်းနဲ့ ပြည်နယ် ၆ ခုက စစ်ဌာနချုပ်စခန်းတွေမှာ စခန်းသွင်းလေ့ကျင့်ပေးနေကြပြီဖြစ်ပါတယ်။ အမျိုးသမီးတွေကိုတော့ လက်ရှိအချိန်အထိ ခေါ်ယူတာမျိုး မရှိသေးပါဘူး။

 

စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရာမှာ စစ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လာဘ်စားတာ၊ မလျော်ဩဇာသုံးပြီး ခြိမ်းခြောက်တာတွေအပြင် ဥပဒေကို လက်နက်တစ်ခုသဖွယ်အသုံးချနေတာတွေ ရှိနေတာပါ။

 

ဒီလိုအချက်တွေကြောင့်နဲ့ စစ်ကောင်စီအောက် စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်တွေ မိမိနေရပ်ကို စွန့်ခွာပြီး ပြည်တွင်းမှာပဲ တိမ်းရှောင်နေကြသလို ပြည်ပထွက်ခွာသူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီဝင်ရောက်သူတွေလည်း အများအပြားရှိနေကြပါတယ်။

 

၂၀၁၀ ခုနှစ် စစ်မှုထမ်းဥပဒေထဲ အမျိုးသားဆိုပါက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ တတ်သိပညာရှင်ဆိုပါက ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုပါက အသက် ၁၈ မှ ၂၇ နှစ်အထိ၊ တတ်သိပညာရှင်ဖြစ်ပါက ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ် မှ ၅ နှစ်အထိ စစ်မှုထမ်းရန် သတ်မှတ်ထားပါတယ်။ ဥပဒေမလိုက်နာသူတွေအနေနဲ့ ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်