မန်း ရေတံခွန်တောင်မှာ မီးသွေးဖုတ်၊ တောခုတ်မှုကြောင့် သစ်ကြီးတွေလျော့နည်းပြီး သဘာဝရေထွက်တွေ ပိုမိုလျော့နည်းလာမှာကိုစိုးရိမ်

Author အညာသား
Categories
Published on May 21, 2024

မန္တလေးမြို့ အရှေ့ဘက် ရေတံခွန်တောင်ပေါ်မှာ လူတွေအခြေချနေထိုင်မှုများပြားလာတာနဲ့အတူ မီးသွေးဖုတ်၊ တောခုတ်တာတွေကြောင့် သဘာဝစိမ့်စမ်းရေထွက်တွေ တဖြည်းဖြည်းလျော့နည်းလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်က ရေတံခွန်တောင်မှာရှိတဲ့ သဘာဝစိမ့်စမ်းကထွက်ရှိတဲ့ရေဟာ သောက်သုံးနိုင်တဲ့အဆင့် Ph7 နီးပါးအထိသန့်တဲ့အတွက် မန္တလေးကနေ တကူးတက လာယူကြရတဲ့အနေအထားမျိုးရှိခဲ့ရာမှ အခုအခါ သစ်ခိုးခုတ်သူ၊ မီးသွေးဖုတ်သူတွေ များပြားလာတာကြောင့် ရေဝေရေလဲအရပ်မှာ သစ်ပင်ကြီးတွေ လျော့နည်းပြီး စိမ့်စမ်းရေတွေခမ်းခြောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

“အခုလက်ရှိ တောင်ထိပ်ပေါ်မှာ အပင်စုစုလေးကျန်သေးတော့ ကျောက်ကြားကနေ စိမ့်စမ်းရေလေးရနေသေးတယ်။ ထုံးဓာတ်နည်းသလို သောက်လို့ရနေသေးတယ်။ တောခုတ်၊ မီးသွေးဖုတ်တဲ့သူတွေများလာတော့ အပင်ကြီးတွေအတော်လေးပါကုန်တယ်။ ကျန်နေတဲ့ အပင်ကြီးတွေကုန်ရင်တော့ ရေတံခွန်တောင်ကို မှီခိုနေတဲ့သူတွေ ရေအတွက်ဒုက္ခရောက်ပြီ” လို့ အဲဒီတောင်ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရေတံခွန်တောင်မှာ ဘုန်းတော်ကြီးကျောင်းတွေအပြင် မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေ၊ ဘုရားကျောင်းကန်စေတီပုထိုးတွေ၊ သဘာဝလိုဏ်နေရာတွေအများကြီးရှိတဲ့အပြင် ဒီနောက်ပိုင်း မန်းဒေသခံအချို့ အခြေချနေထိုင်မှုတွေ အရင်ထက်ပိုများလာတယ်လို့ သိရပါတယ်။

ရေတံခွန်တောင်ဟာ မန္တလေးမြို့ကနေ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် နာရီဝက်လောက်သာအကွာအဝေးရှိပြီး ရှမ်းရိုးမတောင်ကြောနဲ့ ထိစပ်နေတာကြောင့် တောင်ပေါ်မှာ တောပိတောက်၊ အင်ကြင်း၊ သင်းဝင်၊ ဝင်အူ၊ သစ်ပုဂံ၊ နီပဆေး၊ ကြို့ ၊ ထောက်ကြံ၊ ထဘောက်စတဲ့သဘာဝပေါက်ပင်ကြီးတွေရှိသလို တောဝက်၊ ဂျီ၊ တောင်ဆိပ်၊ သင်းခွေချပ်လို တောရိုင်းတိရိစ္ဆာန်တွေအပြင် ဖြူကောင်၊ သဘာဝတောကြက်လို တောကောင်ငယ်လေးတွေလည်း ကျက်စားနေထိုင်ကြပါတယ်။

 

တဖြည်းဖြည်း သဘာဝဝန်းကျင်ပျက်စီးယိုယွင်းလာတဲ့ ရေတံခွန်တောင်ကို အချိန်မီကာကွယ်ထိန်းသိမ်းနိုင်ဖို့ တောင်ပေါ်မှာ နေထိုင်သူအချင်းချင်း အသိပညာပေးတာတွေ၊ သစ်ပင်အကြီး၊ အသေးကစ လုံးဝမခုတ်ဖို့၊ တောကောင်တွေကို ဖမ်းဆီးမှုမလုပ်ဖို့ အထူးဂရုစိုက်ဝိုင်းဝန်းထိန်းသိမ်းနိုင်ဖို့လိုတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဒီနောက်ပိုင်း ရေတံခွန်တောင်ခြေက နယ်မြေတွေမှာ စီမံကိန်းတွေ၊ လယ်ယာတွေပေါ်မှာ အကွက်ဖော် အိမ်ဆောက်၊ ဈေးဆိုင်ခန်းတွေ ဆောက်လုပ်မှုများပြားလာတာကြောင့် မြို့တော်စည်ပင်က ဈေးဆိုင်ခန်းတချို့ကို ဥပဒေနဲ့မညီလို့ဆိုပြီး ပြန်လည်ဖျက်သိမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- KTNO