မိသားစုဝင်တွေ ထောင်ဝင်စာ မပို့နိုင်လို့ လွိုင်ကော်ထောင်တွင်းက အကျဉ်းသားတွေ ဆန်ကြမ်းနဲ့ ငါးပိကြမ်းသာစားနေရ

Author လဂွန်းအိမ်
Categories
Published on May 20, 2024

၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့တဲ့ မနှစ်က နိုဝင်ဘာလကစပြီး လွိုင်ကော်ထောင်တွင်း ထောင်ဝင်စာပါဆယ် ပေးပို့နိုင်တာ မရှိတော့ဘဲ အကျဉ်းထောင်ကကြွေးတဲ့ ဆန်ကြမ်း ငါးပိကြမ်းနဲ့ ဆားကြမ်းတွေသာ အသက်မသေရုံ စားသောက်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးထံက သိရပါတယ်။

 

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်တဲ့အတွက် ပြည်သူတွေစစ်ဘေးရှောင်နေရပြီး အကျဉ်းထောင်ကို ထောင်ဝင်စာပါဆယ်ပို့ဖို့ ခက်ခဲ့သွားခဲ့တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

လက်ရှိအခြေအနေမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ အကျဉ်းထောင်အနီး အပြန်အလှန် ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာပို့ဖို့သွားလာရန် အတော်လေးအခက်အခဲရှိနေခဲ့တာပါ။

 

“ပို့သမျှပါဆယ်တွေကလည်း အကျဉ်းထောင်ထဲကိုမရောက်ပဲထောင်ရှေ့မှာ စစ်တပ်က တာဝန်ယူနေတာ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့လက်ထဲမှာတင်ပဲပျောက်ဆုံးသွားပြီးမှ အကျဉ်းသားတွေ လက်ထဲကို မရောက်ဘူးပေါ့နော်” လို့ ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီတပ်အနေနဲ့ ရိက္ခာကို လေကြောင်းနဲ့သာ ပို့ဆောင်နေရပြီး ရိက္ခာမလုံလောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကာ မိသားစုဝင်တွေပို့တဲ့ ထောင်ဝင်စာပါဆယ်တွေကလည်း စစ်ကောင်စီရဲ့ ရိက္ခာတွေဖြစ်သွားတယ်လို့ သိရပါတယ်။

 

လွိုင်ကော်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေအနေနဲ့ ထောင်ဝင်စာပါဆယ်မရရှိတဲ့အပြင် အကျဉ်းထောင်ကကျွေးတဲ့ ပဲဟင်း၊ တစ်ပတ်ကိုအသားဟင်း ၄ နပ် စတာတွေ မရရှိတော့ပဲ ဆန် ငါးပိနဲ့ ဆားကြမ်းတွေသာ စားနေရတယ်လို့ PPNM ကလည်း ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် အကျဉ်းသားတွေရဲ့ ကိုယ်လက်လှုပ်ရှားမှု ကန့်သတ်ခံထားတာတွေ အဟာရချို့တဲ့စွာ နေလာခဲ့ရတာတွေဟာ ၆ လကျော်ကာလထိ ရောက်ရှိလာတာမို့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြားအကျဉ်းသားတွေပါ  ထောင်အခေါ်အဝေါ်တုတ်ဆွဲခြင်း (ချိနဲ့သည့်ရောဂါဝေဒနာ) ဝေဒနာ ခံစားရသူတွေ များပြားလာနေပါတယ်။

 

“လက်ရှိ သတင်းက လုံးဝပိတ်ဆို့ခံထားရတဲ့ အနေအထားမှာ သေဆုံးမှုတွေရှိခဲ့ရင်တောင် မသိနိုင်တဲ့အနေအထားပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် အခြားအကျဉ်းသားတွေ စိတ်ခွန်အားတွေနဲ့ တောင့်ခံလာတဲ့အနေအထားပါ၊ ရုပ်ပိုင်းဆိုင်ရာတွေတော့ချိနဲ့လာကြပြီ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာမယ်ဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထား ဖြစ်လာပြီလို့ ပြောလို့ရပါတယ်”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်