တရားရုံးများ၌ ရုံးထုတ်အကျဥ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကို ရဲများ ငွေသောင်းချီယူကာ ငွေညှစ်မှုများရှိနေ

Author မောင်ဒဂုံ
Categories
Published on Sep 30, 2022

ရန်ကုန်မြို့ရှိ မြို့နယ် တရားရုံးများ၌ အကျဥ်းသားများ စစ်ဆေးရန် ရုံးထုတ်လာစဥ် မိသားစုနှင့် တွေ့ဆုံစကားပြောခွင့်အတွက် စစ်ကောင်စီ လက်အောက်ခံ ရဲများက ငွေသောင်းချီယူကာ ငွေညှစ်နေကြောင်း ရန်ကုန် ရှေ့နေ အသိုင်းအဝိုင်းထံမှ သိရသည်။

ယခင်က တရားရုံး၌ ရုံးထုတ် အကျဥ်းသားများကို တွေ့ဆုံရန် မိသားစုဝင်များ အနေဖြင့် လက်ဖက်ရည်ဖိုး ကျပ် ၅၀၀၊ ၁၀၀၀ မျှသာ ရဲများကို လာဘ်ထိုးခဲ့ရသော်လည်း စစ်အာဏာသိမ်းကာလတွင်တော့ လာဘ်ယူသည့် ပမာဏက အဆမတန်များလာပြီး ငွေညှစ်သည့် အသွင်သို့ ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

အကျဥ်းသား မိသားစုဝင်များသည် ရုံးထုတ်လာသည့် အကျဥ်းသားကို တွေ့ဆုံမည်ဆိုပါက တရားရုံး စောင့် ရဲများကို ကျပ်ငါးသောင်း အနည်းဆုံးပေးနေရသည်။

” တော်တော် ဆိုးဆိုးပဲ။ ကျွန်တော် အမှုသည်နဲ့ စကားပြောနေတုန်း လှမ်း Check နေတာ။ သူတို့က တစ်ခါတွေ့ ငါးသောင်းလောက်ကို ကောက်နေတာဗျာ။ မပေးရင် တံခါးမဖွင့်ပေးဘူး ” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

ဆက်လက်၍ ၄င်းက နေ့စဥ် တရားရုံးဖွင့်ရက်များ၌ တရားရုံး အပေါက်များ၌ စျေးညှိနေသည့် ရဲများကို အကျဥ်းသားများ၏ မိသားစုဝင်များနှင့်အတူ တွေ့မြင်နိုင်ကြောင်းလည်း ပြောသည်။

ရုံးထုတ် အကျဥ်းသားများကို ၄င်းတို့၏ မိသားစုများတွေ့ဆုံခွင့်ကို ကိုဗစ်ကာလတွင် စတင်ကန့်သတ်ခဲ့ခြင်း ဖြစ်ပြီး ယခု စစ်အာဏာသိမ်း ကာလမှာတော့ လုံခြုံရေး အကြောင်းပြ၍ ပိုမိုတင်းကြပ်သည့် သဖွယ် ပြုလုပ်လာသည်ဟုလည်း သိရသည်။

ရန်ကုန် ရှေ့နေအသိုင်းအဝိုင်းမှ ရှေ့နေ အချို့ကမူ စစ်ကောင်စီ ရဲများသည် တရားရုံးများ၌ အရပ်ဝတ်ဖြင့်သာ အနေများကြပြီး လုံခြုံရေး စိုးရိမ်ခြင်းထက် ၄င်းတို့ ငွေရှာရန်အတွက်ကို ပို၍ အားစိုက်ကြသည်ဟု ၄င်းတို့ မြင်တွေ့ ကြုံရမှုများကို ပြောသည်။

” ခင်များနဲ့ သူလိုလို ကိုယ်လိုလို အရပ်ဝတ်နဲ့ပဲ။ မသိရင် ရုံးချိန်းလာသလိုလို။ အမှုသည်လိုလိုပဲ။ ခပ်တည်တည်ပဲ။ ဒီကောင်တွေကြည့်ရတာ ဒီလောက် ဗုံးတွေကွဲ ပစ်ခတ်နေလည်း ရေ ခပ် ဖို့ကိုတော့ အသက်ထက်တောင် ပိုမြတ်နိုးပုံပဲ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ တရားရုံးများ၌ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နိုင်ငံရေး အကျဥ်းသားများကို ရုံးထုတ်စစ်ဆေးခြင်း မရှိပဲ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ရာဇဝတ်မှု၊ တရားမ မှုများကို ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။