လက်ပံတန်းမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ(၁၀)ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရ

Published on May 18, 2024

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မေလ ၉ ရက်နေ့ နောက်ပိုင်းကတည်းက စစ်ကြောင်းတွေ စထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာခန့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  သိရပါတယ်။

 

(၃၅) ဂွေးချောင်းစစ်တပ်နဲ့ ပျူစောထီး(ပြည်သူ့စစ်) အင်အား ၁၀၀ ခန့်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်တာကြောင့် လက်ပံတန်းမြို့နယ်က လက်ပံတန်း၊ ရေငံတောင်ပေါ်စု၊ အုတ်ဖိုစု၊ ထန်းပင်ချောင်၊ အရှေ့စီတုံး၊ အနောက်စီတုံး၊ သရက်တော၊ ထန်းတော၊ ဆင်တလင်း ကျေးရွာက လူဦးရေ လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လက်ပံတန်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“ စစ်ကြောင်းက ဖိထိုးတာက ကွမ်းခြံဂိတ်ဖြစ်ပြီးနောက်ပိုင်းကတည်းကပဲ လူတွေကတော့ စစ်ကြောင်းထိုးတယ်ဆိုတဲ့ အသံကြားကတည်းက ပြေးကြရတာပဲ တချို့က လည်း အမျိုးတွေရှိရာပြေးကြနဲ့ အကုန်ယောက်ယက်ခတ်နေတာပေါ့” လို့ သူကပြောပါတယ်။

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမတောင်ခြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား၃၀ ပါ စစ်ကောင်စီတပ်ကို မေလ ၁၀ ရက်နေ့ ည ၈ နာရီမှာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးပြီး စစ်ကောင်စီဘက်က လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့  ဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ

ပုံစာ – စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးခဲ့သည့် ကုန်စုံဆိုင်တစ်ခုကို မြင်ရပုံ