တွန်းဇံမှာ CNA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်

Author ဆလိုင်း
Categories
Published on May 17, 2024

ချင်းပြည်(မြောက်ပိုင်း)၊ တွန်းဇံမြို့မှာ ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ မနေ့ မေလ ၁၆ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

တွန်းဇံမြို့က စစ်ကောင်စီရဲ့ ခလရ (၂၆၉) တပ်ရင်း စခန်းကုန်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနဲ့ အခြားရုံးဌာနတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို CNA ပူးပေါင်းတပ်တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ နှစ်ဖက်တိုက်ပွဲဟာ ဒီနေ့ မေ ၁၇ ရက် မနက်ပိုင်းအထိ ဖြစ်ပွားနေဆဲလို့ စစ်ရေးသိရှိတဲ့ တွန်းဇံဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“တိုက်ပွဲဖြစ်တာက စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို CNA ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ လက်နက်ကြီးတွေ တပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မနေ့က တစ်နေ့လုံး၊ ​တစ်ညလုံး တိုက်ပွဲဖြစ်သွားတယ်။ ဒီနေ့မနက် ၄ နာရီထိ ပစ်ခတ်သံတွေ ကြားနေရသေးပါတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ဒီနေ့ မေလ ၁၇ ရက်နေ့ မနက် ၈ နာရီလောက် မြို့နယ်ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

 

တွန်းဇံမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ဇိုမီးတော်လှန်ရေးတပ်(ZRA)ဟာ စစ်ကောင်စီတပ်နဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ပေးနေတယ်လို့ တွန်းဇံဒေသခံ တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“အခုဖြစ်တဲ့ တိုက်ပွဲမှာ ZRA က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တိုက်ပေးနေပါတယ်” လို့ သူက ဆိုပါတယ်။

 

ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

တွန်းဇံမြို့မှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာနေရာအနီးဝန်းကျင်က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

တွန်းဇံ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိရဖို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီကို ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိသေးတာကြောင့် ထိခိုက်သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးပါ။

 

တွန်းဇံမှာ အရပ်သားတွေနေထိုင်တဲ့ မြို့ရွာတွေမှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့နဲ့ ရှောင်ရှားပေးဖို့ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ဒေသခံ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေ တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – တွန်းဇံက စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်း စခန်းကုန်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး မီးလောင်နေစဉ်