လူငယ်တွေ စစ်သင်တန်းတက်ပြီးနောက် လက်နက်ခဲယမ်းပေးဖို့ အခက်အခဲတွေ့နေ

Author မင်းထက်
Categories
Published on May 17, 2024

စစ်မှုမထမ်းလိုပဲ အာဏာရှင်ဆန့်ကျင်တော်လှန်လိုစိတ်ရှိသူ လူငယ်တွေကို အဓိက ရွေးချယ်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်သင်တန်းအပတ်စဥ်(၁)ကို အောင်မြင်ပြီးဆုံးတဲ့အထိ ပို့ချနိုင်ခဲ့ပေမဲ့ လက်နက်ခဲယမ်းလိုအပ်မှုတွေရှိနေတယ်လို့ ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း (No. 4 Battlion, People DefenseForrce, ShweBo District) တာ၀န်ရှိသူတစ်ဦးက  CJ Platform ကိုပြောပါတယ်။

အခြေခံစစ်သင်တန်းအပတ်စဥ်(၁)ကို ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က စတင်ခဲ့ရာ သင်တန်းသား လူငယ် ၅၀ လောက်ကို မြေပြင်အခက်အခဲတွေကြားက တစ်လ​ခွဲ( ၄၅ ရက်)ကြာ သင်တန်းပေးခဲ့ပြီး မေလဆန်းပိုင်းမှာ သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။

“မြေပြင်အခက်အခဲတွေကတော့ များတာပေါ့ဗျာ။ အဓိကတော့ ရဲဘော်တွေဝင်လာပြီဆိုတာနဲ့ သူတို့ရဲ့ စားဝတ်နေရေး အကုန်တာဝန်ယူပေးရတယ်။ နေဖို့နေရာက အစပေါ့။ ဒါပေမဲ့ ရှိတာတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်” လို့ ရွှေဘိုခရိုင်အမှတ်(၄)တပ်ရင်းရဲ့ တာ၀န်ရှိသူက ပြောပါတယ်။

 

ရွှေဘိုခရိုင် အမှတ်(၄)တပ်ရင်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဖွဲ့စည်းတည်ထောင်တဲ့အချိန်ကစလို့ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသရဲ့ ကွပ်ကဲမှု အောက်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့ဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ မတရားဥပဒေတွေကို ဆန့်ကျင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလိုတဲ့  ပြည်သူတွေကို  တပ်ရင်းအနေနဲ့ လှိုက်လှဲစွာကြိုဆိုပါတယ်လို့ မေလ ၁၃ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

 

ဓာတ်ပုံ – No. 4 Battlion, People DefenseForrce, ShweBo District