ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေက ဘေးတွဲဆိုင်ကယ်တွေကိုလိုင်စင်ထုတ်ပေးပေမဲ့ စစ်ကောင်စီက ရှောင်တခင်စစ်ဆေးပြီး ငွေညှစ်

Author ကိုထက်
Categories
Published on May 16, 2024

ရန်ကုန်က မြို့နယ်တချို့မှာ အုပ်ချုပ်ရေးမှူးတွေက ဘေးတွဲဆိုင်ကယ်တွေကို လိုင်စင်လုပ်ပေးထားပေမဲ့ စစ်ကောင်စီတပ်သားတွေက ရှောင်တခင်စစ်ဆေးပြီး ငွေညှစ်နေတယ်လို့ ဘေးတွဲမောင်းသူတွေက ပြောပါတယ်။

 

ဆိုင်ကယ်ဘေးတွဲယာဉ်မောင်းတွေဟာ ဘေးတွဲဆွဲခွင့်ရဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွေကို တစ်လ ကျပ် ၅၀ဝ၀၊ ၁၀,ဝ၀ဝ ပေးသွင်းကာ လိုင်စင်ထုတ်ပေးထားပေမဲ့ စစ်သားနဲ့ ရဲတွေက ရှောင်တခင်ဝင်စစ်ဆေးကာ ပိုက်ဆံတောင်းကြောင်း လှိုင်သာယာက ဘေးတွဲမောင်းသူတစ်ဦးက ပြောပါတယ်။

 

“သူတို့ကိုပေးထားရတာပါပဲ။ အဲဒီလစဉ်ဟာကလည်း၊ အဲဒါကို မထင်ရင်မထင်သလိုဖမ်းတာဗျ။ လမ်းမတွေမှာ ဖမ်းခံရရင် သုံးသောင်းပေးရတယ်။ အဲဒီလိုသိတော့ ရပ်ကွက်လမ်းတွေပဲမောင်းကြတော့တယ်။ အဲဒါကို ရပ်ကွက်ထဲထိ ဖမ်းတယ်။ မိသွားရင် တစ်သောင်း၊ နှစ်သောင်းပေးမှ သွားခိုင်းတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီလိုငွေညှစ်ခံရမှုတွေကြောင့် တစ်နေ့မောင်းကြေးအမြတ်ဟာ စစ်ကောင်စီတပ်သား‌တွေအတွက်ဖြစ်နေကာ ဘေးတွဲမောင်းသူတွေ အဆင်မပြေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

 

“တစ်နေ့မောင်းလို့ရတာမှ သုံးသောင်းဆိုတာ အများဆုံးပဲ။ အဲဒီလောက်ရမှလည်း အခုခေတ်ကုန်ဈေးနှုန်းနဲ့က စားလို့လောက်တာလေ။ ဒါတောင်မပိုလျှံဘူး။ သူတို့(စစ်ကောင်စီတပ်သား‌တွေ)က အခုလိုမထင်ရင်မထင်သလိုငွေတောင်း၊ တောင်းတာမပေးရင် ဘေးတွဲသိမ်းမယ်ဘာညာနဲ့ဆိုတော့ ကျွန်တော်တို့ဘယ်လိုမှကိုအဆင်မပြေဘူး” လို့ တောင်ဒဂုံမြို့နယ်က ဘေးတွဲမောင်းသူတစ်ဦးက ပြောပါတယ်။

 

အခုလို ရှောင်တခင်ဖမ်းဆီးတာတွေကို မြို့နယ်တိုင်းလိုလိုမှာ လုပ်နေတာဖြစ်ပြီး သာကေတမြို့နယ်မှာဆို ဘေးတွဲဆိုင်ကယ်လုံးဝဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

 

“ဒီမှာလည်း အဲဒီလိုပဲ။ သူတို့ကင်းလှည့်တာတွေနဲ့တွေ့လို့ကတော့ ကားပေါ်တင်မယ်ချည်းလုပ်တာ။ ပိုက်ဆံ နှစ်သောင်း၊ သုံးသောင်းအမြန်ထုတ်ပေးရတယ်။ မပေးရင် ပါပြီပဲ။ လုံးဝမမောင်းရဘူး။ ဖျက်သိမ်းမယ်လို့ကြားမိတယ်။ သေချာတော့ မကြေညာသေးဘူး” လို့ သာကေတမြို့နယ်အတွင်း ဘေးတွဲမောင်းသူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ည ၈ နာရီ‌ကျော်လွန် မောင်းနှင်ပါက ပစ်ခတ်ဖမ်းဆီးမယ်လို့လည်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်‌ပြောဆိုကြောင်း ဘေးတွဲမောင်းသူက ဆိုပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ရန်ကုန်မြို့အတွင်း ဘေးတွဲတစ်စီးကိုတွေ့မြင်ရစဉ်(ပုံဟောင်း)