ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ် ၂ စတင်

Author ကိုထားဝယ်
Categories
Published on May 15, 2024

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံထားရသူတွေပါဝင်တဲ့ အပတ်စဉ် ၂ သင်တန်းသားတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် တိုင်းနဲ့ ပြည်နယ်စစ်ဌာနချုပ်ခြောက်ခုမှာ မနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့က စစ်ဌာနချုပ်တွေမှာ ဖွင့်လှစ်ခဲ့တာကို စစ်ကောင်စီအရာရှိတွေက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဒီနေ့ မေလ ၁၅ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီ စစ်မှုထမ်း အမှတ်စဉ်(၂)က သင်တန်းသားတွေအနေနဲ့ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်ကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မယ်လို့ ဝါဒဖြန့်သတင်းစာတွေက ရေးသားဖော်ပြပါတယ်။

ဒါပေမဲ့ သင်တန်းသားဘယ်လောက်တက်ရောက်တာလဲဆိုတာကိုတော့ ထည့်သွင်းဖော်ပြတာမျိုး မရှိပါဘူး။

 

အပတ်စဉ် ၂ သင်တန်းသားတွေထဲက နှစ်ဦးရဲ့ ပြောကြားချက်ကို ရေးသားဖော်ပြခဲ့ကြပြီး အဲဒီထဲက တစ်ဦးက “ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) ကို တက်ရောက်ဖြစ်တာကတော့ ကျွန်တော့်စိတ်သဘောဆန္ဒအရ တက်ရောက်ဖြစ်တာပါ။ စစ်ပညာတွေကိုလည်းသင်ယူချင်လို့ပါ။ အမှတ်စဉ်(၁)က သူငယ်ချင်းတွေကိုလည်း အားကျလို့လာတက်တာပါ။ နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာကဏ္ဍကနေ အကောင်းဆုံးကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

 

ဒါပေမဲ့ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မှုထမ်းစုဆောင်းရေးနဲ့ပတ်သက်လို့ လာဘ်စားမှုတွေ၊ မလျော်ဩဇာသုံးပြီး ခြိမ်းခြောက်တာတွေအထိ ပြုလုပ်ခဲ့ကြပါတယ်။

 

အခုဒုတိယအပတ်စဉ်အတွက် စစ်ကောင်စီက လူစုဆောင်းခဲ့ရာမှာ အိမ်ပေါ်အထိ တက်ဖမ်းတာတွေအပြင် လမ်းမှာတွေ့လို့ ဖမ်းဆီးပြီးနောက် စစ်မှုထမ်းဖို့ ပြန်မလွှတ်တာမျိုးတွေအထိ လုပ်ဆောင်ခဲ့ကြတယ်လို့ ကြုံတွေ့ခဲ့ရသူတွေဆီက CJ Platform က စုံစမ်းသိရှိခဲ့ရပါတယ်။

 

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီနဲ့ အညာဒေသ စစ်ကိုင်းနဲ့ မကွေးတို့အပါအဝင် စစ်ကောင်စီထိန်းချုပ်မှုရှိတဲ့ဒေသတွေက လူငယ်လူရွယ်တွေဟာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ပြည်တွင်းမှာ တိမ်းရှောင်တာအပြင် ပြည်ပထွက်ခွာတာ၊ တော်လှန်ရေးအဖွဲ့တွေထဲ ဝင်ရောက်တာ အစရှိသဖြင့် ရရာနည်းလမ်းနဲ့ တိမ်းရှောင်နေရကြရပါတယ်။

 

စစ်ကောင်စီကတော့ နိုင်ငံသားတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးတာဝန်ကို ထမ်းဆောင်ဖို့ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံကာကွယ်ရေး စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀)နဲ့ ပြဋ္ဌာန်းခဲ့ပြီးနောက် အခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာသက်ဝင်စေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

လတ်တလော အပတ်စဉ် ၁ ကိုလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

 

ဓာတ်ပုံ – ဝါဒဖြန့်သတင်းစာများ