ပေါင်းတည်၊ ကုန်းသာရွာထဲ သေမင်းတမန်အဖွဲ့ လာချသွားတဲ့ ရုပ်အလောင်းသုံးဦးဟာ ပြည်သူတွေဖြစ်နေ
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကုန်းသာကျေးရွာထဲကို မေလ ၆ ရက်က သေမင်းတမန်အဖွဲ့ လာချသွားတဲ့ ရုပ်အလောင်းသုံးဦးဟာ PDFမဟုတ်ဘဲ သာမန်အရပ်သားပြည်သူတွေသာဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေက အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချယ်နယ်တွေမှာတော့ လူငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတယ်လို့စွပ်စွဲပြီး နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို မေလ ၅ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တဲ့အတွက် NLD ပါတီဝင်နဲ့ PDFတွေကို တန်ပြန် သတ်ဖြတ်နေတာဖြစ်တယ်လို့ ဆိုထားသလို “ခုသုံးလောင်း နောက်ဆို ဆယ်လောင်းဖြစ်မယ်” ဆိုတဲ့ စာသားကိုပါ ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။
အနက်ရောင်သေမင်းတမန်အဖွဲ့ရဲ့ တန်ပြန်သတ်ဖြတ်ခံရသူတွေဟာ မင်းလှ PDF အဖွဲ့က ကိုအောင်မျိုးလင်း၊ ကိုကျော်ဖြိုးလင်း၊ ကိုကောင်းထက်ကျော်(ခ)ကောင်းကောင်းတို့ သုံးဦးဖြစ်တယ်လို့လည်း အဲဒီတယ်လီဂရန်ချန်နယ်တွေက ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်တွေဆီကို CJ Platform က အဲဒီမြို့နယ်အခြေစိုက်တပ်တွေဆီ ဆက်သွယ်စုံစမ်းခဲ့ရာမှာ သူတို့ရဲဘော်တွေမဟုတ်ဘူးလို့ငြင်းသလို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ သာမန်ပြည်သူတွေသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“မင်းလှမြို့နယ်အခြေစိုက် PDFတပ်ဖွဲ့တွေဖြစ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ၂၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၅ ကို မေးကြည့်တာ သူတို့ရဲဘော်တွေမဟုတ်ဘူး။ ကျွန်တော်တို့ ပကဖရဲဘော်တွေလည်းမဟုတ်ဘူး။ တော်လှန်ရေးဘက်ကတော့မဟုတ်ဘူး။ အတိအကျပြောနိုင်ပါတယ်။ သာမန်ပြည်သူဖြစ်ဖို့ များတယ်” လို့ မေလ ၇ ရက်နေ့က CJ Platform ကိုဖြေကြားခဲ့ပါတယ်။
အမည်မသိရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ ပြောဆိုခဲ့လို့ မနေ့ မေလ ၁၀ ရက်မှာတော့ အဲဒီအလောင်းတွေဟာ သာမန်ပြည်သူတွေဖြစ်တယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက အတည်ပြုပြောခဲ့ပါတယ်။
“မင်းလှမြို့နယ် လှည်းကူးအုပ်စု ရှားကုန်းကျေးရွာက အောင်မျိုးလင်း အသက် ၁၉ နှစ်ဟာ လွန်ခဲ့တဲ့ တစ်လလောက်က လက်ပံတန်းအလှူကိုသွားရင်း ကွမ်ခြံကုန်းဂိတ်မှာအဖမ်းခံရတယ်။ အုတ်ဖိုစစ်ကြောရေးပို့ခံရပြီး မိသားစုနဲ့အဆက်အသွယ်မရဖြစ်နေရာကနေ ပေါင်းတည်မှာ မင်းလှ PDF ကဆိုပြီး အသတ်ခံလိုက်ရတယ်။ အဲဒီကောင်လေးပုံကိုမြင်လို့ သူ့ရွာကတစ်ယောက်ကပြောလို့သိရတာ။ လက်ပံတန်းက ကောင်လေးနှစ်ယောက်ကတော့ မိသားစုကတောင် အသတ်ခံရတာ ခုမှသိကြတယ်။ သူတို့သားတွေ စစ်ကြောရေးမှာဆိုပြီး ထင်နေကြတာ ခုမှသူတို့တွေလည်းသိကြတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီလူငယ်တွေကို အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ အနက်ရောင်သေမင်းတမန်အဖွဲ့ဟာ ဘယ်သူဦးဆောင်ဖွဲ့စည်းပြီးတော့ ဘယ်သူတွေ ပါဝင်တဲ့အဖွဲ့အစည်းဆိုတာကို လက်ရှိအချိန်ထိ CJ Platform အနေနဲ့ စုံစမ်းစဲဖြစ်ပါတယ်။
သာယာဝတီခရိုင်အတွင်းက ရန်ကုန်-ပြည်လမ်းပေါ်က စစ်ကောင်စီဂိတ်တွေမှာ လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေအပြင် တပ်သားသစ်အနေနဲ့ ဖမ်းဆီးခြင်းခံရတာတွေရှိနေတယ်လို့ မင်းလှမြို့နယ်(ပကဖ)တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီလော်ဘီချန်နယ်များ