ငါးရက်ပြင်ဆင်ပြီး တိုက်တဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီ ဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေဆုံး

Author မင်းထက်
Categories
Published on May 10, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မုံရွာ ကားလမ်းပေါ်ရှိ တောင်ပုံရွာနားက စစ်ကောင်စီဂိတ်စခန်းကိုဝင်တိုက်ဖို့ ငါးရက်လောက်ပြင်ဆင်ခဲ့ရတယ်လို့ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ ပြန်ကြားရေးတာဝန်ခံ ကိုစီအေက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့က အဲဒီနယ်မြေရဲ့ အဝင်အထွက်ကို သိပ်မကျွမ်းကျင်ဘူးဆိုတော့ ပထမဆုံး အဲဒီဂိတ်ရဲ့ ပတ်ဝန်းကျင်မှာ အဝင်အထွက်လမ်းတွေနဲ့ စကစတပ်သားတွေရဲ့ ကင်းပုန်းတွေ ရှိမရှိလေ့လာရတယ်။ နောက်ပြီးတော့ သူတို့ အဲဒီဂိတ်ကို ရောက်လာတဲ့အချိန်တွေ လူအင်အားတွေ လေ့လာခဲ့ရတာပါ” လို့ သူက  ပြောပါတယ်။

 

အဲဒီလိုပြင်ဆင်ပြီးနောက် မနေ့ မေလ ၉ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ၁၅ မိနစ်လောက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီ ဗိုလ်တစ်ဦးအပါအဝင် ငါးယောက်သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

ကင်းထောက်ရဲဘော်ရဲ့ အတည်ပြုပေးနိုင်မှုအရ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီ တပ်သား လေးယောက်နဲ့ နှစ်ပွင့် ဗိုလ် တစ်ယောက်သေဆုံးပြီး တောပုပျူစောထီးရွာက ပျူတစ်ယောက်အပြင်းထန်ဒဏ်ရတယ်လို့ ကိုစီအေက အတည်ပြုပြောပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ယောက်လောက်နဲ့ ကွမ်းယာဆိုင်ကို ဂိတ်စခန်းအဖြစ် အသုံးပြုပြီး နေ့စဉ် ခရီးပြည်သူတွေနဲ့ ကားတွေကို ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတာကြောင့် ကြိုတင်ပြင်ဆင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

 

အဲဒီတိုက်ပွဲထဲ မသေဘဲ ကျန်တဲ့တပ်သားတွေက လက်ပစ်ဗုံးနဲ့ ပြန်ပစ်လို့ လက်နက်တွေမသိမ်းနိုင်ခဲ့ဘဲ တော်လှန်ရေးရဲဘော်တွေအားလုံး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

 

သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို မနေ့က ညနေ ၃ နာရီခွဲအထိ လာမကောက်သေးဘူးလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

 

အဲဒီဂိတ်စခန်းတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ)၊ Anyathian Revolutionary Syndicate(ARS)နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခဲ့တာပါ။

 

ဓာတ်ပုံ – မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ