ဖားကန့်ကျောက်ဝိုင်းမှာ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးဆန္ဒပြ

Author အညာသား
Categories
Published on May 10, 2024

ကချင်ပြည် ဖားကန့်မြို့ရဲ့ အစည်ကားဆုံး ကျောက်ဝိုင်းမှာ ဒီနေ့ မေ ၁၀ ရက် မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြခဲ့တယ်လို့ သပိတ်ဦးဆောင်သူဆီက သိရပါတယ်။

 

ဆန္ဒပြမှုကို မနက် ၉ နာရီကနေစတင်ခဲ့ပြီး ဘယ်အာဏာရှင်စနစ်မှ အလိုမရှိ၊ အာဏာရှင် စစ်ဘီလူးကို မောင်းထုတ်ကြ၊ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြ၊ စစ်မှုထမ်းဥပဒေအလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့အတူ နာရီဝက်ကြာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

 

“ကချင်ပြည်နယ်တစ်ခုလုံးမှာ မှော်လှည့်သပိတ်က တစ်ခုတည်းကျန်နေတဲ့သပိတ်အင်အားစုပါ။ အခက်အခဲတွေကြားက ရှေ့ဆက်လျှောက်လှမ်းနေမှာပါ” လို့ သပိတ်ဦးဆောင်သူက CJ Platform ကို ပြောပါတယ်။

 

လှည့်လည်ဆန္ဒပြမှုကို မှော်လှည့်သပိတ်နဲ့ ဆိတ်မူသပိတ်အဖွဲ့တို့ပူးပေါင်းပြီး လူအင်အား ၆၀ လောက် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရတယ်။

 

အဲဒီသပိတ်အဖွဲ့တွေဟာ အရင်က တစ်လကို အနည်းဆုံး သုံးကြိမ်လောက် ပုံမှန် ဆန္ဒပြမှုတွေလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ လုံခြုံရေးအရ မကြာခဏသာလုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

 

ရုပ်သံ – CJ