မတ္တရာက စစ်ကောင်စီစခန်းငယ်ကို ဝင်သိမ်း၊ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးသလို ရဲဘော်တစ်ဦးကျ ဗိုလ်ကြီးဆီက ကော်ပစ္စတိုတစ်လက်သိမ်းမိ

Author ကိုထားဝယ်
Categories
Published on May 10, 2024

မန္တလေးတိုင်း၊ မတ္တရာမြို့အနီးက တောင်တံငါရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအထိုင်စခန်းငယ်ကို ယနေ့ နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်လိုက်ပါတယ်။

မတ္တရာမြို့မြောက်ဘက် (၂)မိုင်အကွာရှိ တောင်တံငါရွာက စစ်ကောင်စီစခန်းငယ်ကို မနက် ၅ နာရီက ဝင်တိုက်ရာမှာ ၄၅ မိနစ်အကြာ ၅ နာရီ ၄၅ မိနစ်မှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း Mdy PDF က ဆိုပါတယ်။

အဲဒီတိုက်ပွဲထဲ Drone Jammer တစ်လက်၊ လက်နက်ခဲယမ်းအများအပြားနဲ့အတူ ဗိုလ်ကြီးတစ်ဦးအပါအဝင် အလောင်း (၁၂)လောင်းခန့်ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးခဲ့ကြတယ်လို့ Mdy PDF က ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီ ဗိုလ်ကြီး ကိုင်ဆောင်တဲ့ ပစ္စတိုမှာ ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ်ဖြစ်တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ အဲဒီတိုက်ပွဲထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထိုင်စခန်းငယ်ဟာ မတ္တရာမြို့ကနေ စဉ့်ကူးဘက် အထွက်မှာတည်ရှိပြီး မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှာ ပြည်သူတွေဆီက အဓမ္မငွေကြေး ကောက်ခံနေတဲ့စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)