မုံရွာမှာ နေအိမ် မီးရှို့တာအပြင် ပစ္စည်းခိုးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ပျူ အမျိုးသမီးခေါင်းဆောင်ဝန်ခံ

Author မင်းထက်
Categories
Published on May 09, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာ ပျူစောထီးအဖွဲ့ရဲ့ အမျိုးသမီးခေါင်းဆောင်အပါအဝင် ပျူစောထီး အမျိုးသမီးသုံးဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ Area 71 PDF Monywa အဖွဲ့ဆီက သိရပါတယ်။

 

မေ ၄ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ဆေးရုံမှာ ပျူစောထီးတစ်ဦး ဆေးရုံက ဆင်းလာချိန် သတင်းကြိုတင်ရလို့ စောင့်ကြိုဖမ်းဆီးခဲ့ပါတယ်။ အဲဒီမှာ တောပုရွာက အမျိုးသမီး ပျူစောထီး ခေါင်းဆောင် ခိုင်ခင်ဦး၊ ပျူစောထီး ချစ်ရဲနိုင်ရဲ့ ဇနီး မိသီးနဲ့ ပျူစောထီး ဌေးညွန့်ရဲ့ဇနီး အေးမြတ်မွန်တို့ သုံးဦးကို လမ်းမှာပင် ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ Area 71 PDF Monywa ရဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“သူတို့ဘက်က ကလေးတစ်ဦး မိုင်းထိလို့ ဆေးရုံတက်ပြီး ဆင်းလာတဲ့အချိန် သတင်းကြိုရလို့ စောင့်ဖမ်းကြတာပါ။ ကျွန်တော်တို့က ဖမ်းပေးယုံသက်သက်ပါ။ ကျွန်တော်တို့ NUG အစိုးရရဲ့တရားရေးကနေ တည်ဆဲဥပဒေအတိုင်း သွားမှာပါ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

 

ဖမ်းဆီးရရှိသူတွေထဲက  ပျူစောထီးခေါင်းဆောင် ခိုင်ခင်ဦးက သူမကိုယ်တိုင် နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့တယ်လို့ ဝန်ခံပါတယ်။ ကျန်တဲ့ အမျိုးသမီးနှစ်ဦးကလည်း သူတို့ခင်ပွန်းဖြစ်သူ လက်နက်ကိုင် ပျူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အသီးသီး၀န်ခံခဲ့ကြပါတယ်။

 

လက်ရှိမှာ ၎င်းတို့ကို တရားဥပဒေအရ အပြစ်ပေးအရေးယူနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ဆီ အပ်နှံထားတယ်လို့ သိရပါတယ်။

 

ရုပ်သံ – Area 71 PDF Monywa