နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဟွမ်ဆန်ရဲ့ တွေ့ဆုံခွင့်? NUG, ERO တွေနဲ့ သက်ဆင်တို့ တွေ့ဆုံတဲ့ကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်း ဘာပြောလဲ?

Author လဂွန်းအိမ်
Categories
Published on May 09, 2024

သင်္ကြန်ရက်ထဲ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ NUG, ERO တွေ ချင်းမိုင်မှာ တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ မေလ ၇ ရက် မနက်ပိုင်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှာ ဟွမ်ဆန်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝါဒဖြန့်သတင်းစာတွေကနေ ဘယ်လိုပြန်လည်တုံ့ပြန်ထားပါသလဲဆိုတာ CJ Platform သတင်းဌာနက ကောက်နုတ်ဖော်ပြအပ်ပါတယ်။

 

“နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဟွမ်ဆန်ရဲ့ တွေ့ဆုံခွင့်တောင်းဆိုမှု”

 

ဒါနဲ့ပတ်သက်ပြီးတော့ကျ ရပ်တည်ချက်က ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် အာမခံပြီးဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံပြီးဖြစ်တယ်။ ဒါကြောင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပမှာဖြစ်တယ်။ ဆောင်ရွက်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာရှိတယ်။ ကျွန်တော်တို့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ပြီးဖြစ်တယ်။ ရှေ့လုပ်ငန်းစဉ်တွေကို နှောင့်နှေးစေနိုင်တဲ့၊ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်မျိုးကိုတော့ ကျွန်တော်တို့ကကျ ရှောင်ရှားသွားမှာပဲဖြစ်ပါတယ်။ ရှေ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး နှောင့်နှေးစေနိုင်တဲ့ မလိုအပ်ဘူးလို့ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းတော့ မရှိသေးပါဘူးခင်ဗျ။

 

“မစ္စတာ သက်ဆင်နဲ့ NUG + ERO တွေ တွေ့ဆုံမှု”

 

ဒါနဲ့ပတ်သက်ပြီးတော့ကျ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ သူတို့ရဲ့ သဘောထားကို ပြောပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ တွေ့ဆုံခဲ့တယ်ဆိုတာလည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိဘူးဆိုတာ ပြောကြားခဲ့တာလည်းရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့ နိုင်ငံတွေကတော့ များပါတယ်။ အဲဒီမှာ ကျွန်တော်တို့အနေနဲ့ကတော့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်နဲ့ မြန်မာနိုင်ငံအစိုးရနဲ့ရော၊ တပ်မတော်နဲ့ရော ရင်းနှီးတဲ့ဆက်ဆံရေး ရှိပါတယ်။ အခုလက်ရှိကလည်း ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး အစိုးရ နှစ်ရပ်ခြင်း၊ တပ်မတော် နှစ်ရပ်ခြင်း ဆက်သွယ်ဆက်ဆံရေး အဆက်မပြတ်ရှိနေပါတယ်။ အရင်ကအတိုင်းလည်း ဆက်သွယ်ဆက်ဆံခဲ့တဲ့ အရာလည်းရှိပါတယ်။ နှစ်ဦးတိုင်ပင်ဆွေးနွေး ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေလည်းရှိပြီးဖြစ်ပါတယ်။

 

ဒီနှစ် မတ်လ ၂၈ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ ဒဲရစ် ချောလက်က K3C အဖွဲ့ပေါ့။ တွေ့ပြီးတော့ ဆွေးနွေးခဲ့တာလည်းတွေ့ရပါတယ်။ နောက်ပိုင်းမှာလည်း ချင်းမိုင်မှာရှိနေတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှာ တချို့သော EAO အဖွဲ့တွေနဲ့ ဖိတ်ခေါ်ပြီး တွေ့ဆုံပြီးဆွေးနွေးတယ်ဆိုတာလည်း သိရပါတယ်။

 

ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်ရပ်တည်ချက်ကတော့ မြန်မာ့မြေကိုအသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေကိုဆန့်ကျင်တဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ၊ ဆန့်ကျင်ဘက်လုပ်ရပ်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ပြောပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ သဘောထားက အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံအကျိုးကို ဖျက်လို့ဖျက်ဆီးလုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လာပြီး ဆန့်ကျင်ဘက်လုပ်နေတဲ့ အကြမ်းဖက်အားပေးလုပ်နေတဲ့ အဖွဲ့တွေကို အားပေးအားမြောက်ပြုနေတဲ့ အလုပ်တွေကို မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်