ဆီဆိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ ဖမ်းဆီးထားမှုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပါတယ်လို့ PNLA ဆို

Author  Gold
Categories
Published on May 07, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာက ဒေသခံ ကိုးဦးကို စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ ဖမ်းဆီထားတယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီတပ်ဟာ ထီဗွာကျေးရွာဘက်ကို ဧပြီ ၆ရက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေတဲ့ ဒေသခံ အမျိုးသား ငါးဦးနဲ့ အမျိုးသမီး လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  PNLA ရဲ့  သတင်းတာဝန်ခံခွန်ရိန်းယံက CJ Platformကို ပြောပါတယ်။

 

“ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်က လူသားဒိုင်းအဖြစ်ဖမ်းထားတာပါ မနေ့က စစ်ကြောင်းထိုးလာပြီး ဖမ်းတာပါ” လို့ သူကဆိုပါတယ်။

 

ဖမ်းဆီးသွားသူအမျိုးသမီးတွေအနက် ကိုယ်ဝန်ဆောင်တစ်ဦး၊ အသက် ၂၀ အရွယ်မိန်းမပျိုတစ်ဦး၊ မိခင်အရွယ်(၄၀ နှစ်ခန့်) နှစ်ဦး တို့ပါဝင်ပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရဘူးလို့ ခွန်ရိန်းယံက ဆိုပါတယ်။ ဧပြီ ၅ရက်က ထီဗွာကျေးရွာအတွင်း ပစ္စည်းပြန်ယူတဲ့ အမျိုးသားတစ်ဦးဟာ စစ်ဘေးရှောင်နေရာကို ပြန်မရောက်လာဘဲ ပျောက်ဆုံးနေတာ နှစ်ရက်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ဆီဆိုင်မြို့နယ် ထမ်းယံနဲ့ ပန်အွန်းကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ပအိုဝ်းပြည်သူ့စစ်တွေက ဧပြီ ၁၇ရက်နောက်ပိုင်းကစပြီး  သူတို့တပ်စွဲထားတဲ့ ကျေးရွာကဒေသခံတွေကို ရွာပြင်ထွက်ခွင့်ပိတ်ထားသလို ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားအဖြစ်သတ်မှတ်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်