ဘူးသီးတောင် စကခ(၁၅)တပ်မဌာနချုပ်က လက်နက်ချ ဒုတပ်မမှူးအပါအဝင် တပ်သားနှင့် မိသားစုဝင် ထောင်ချီရှိနိုင်သည့် ရုပ်သံမှတ်တမ်း AA ထုတ်ဖော်ပြသ

Author လင်းနွေဦး
Categories
Published on May 06, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ(၁၅) တပ်မဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် ဒုတပ်မမှူးအပါအဝင် တပ်သားနှင့် မိသားစုဝင် ထောင်နှင့်ချီ လက်နက်ချအညံ့ခံပြီးနောက် ဖမ်းဆီးထိန်းသိမ်းသည့် ရုပ်သံမှတ်တမ်းတစ်ခုကို ယနေ့ မေလ ၆ ရက်တွင် ထုတ်ပြန်သည်။

 

စကခ(၁၅)တပ်မဌာနချုပ်ကို ရက္ခိုင့်တပ်တော်မှ ကာလအတန်ကြာ ဝန်းရံပိတ်ဆို့ထားပြီးနောက် ဧပြီလ နောက်ဆုံးအပတ်မှစတင်ကာ ထိုးစစ်အရှိန်မြင့်တင့်ခဲ့ပြီး ၁၂ ရက်ကြာအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

ယင်းတပ်မဌာနချုပ် စခန်းသိမ်းတိုက်ပွဲအပြီး ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် အင်အားထောင်ချီမှာ လက်နက်ချအညံ့ခံသဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မှာ ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲငယ်အချို့ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှု များရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

 

ရခိုင်ဒေသတွင်း၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)များအဖြစ် စကခ(၅)တောင်ကုတ်၊ စကခ(၉) ကျောက်တော် နှင့် စကခ (၁၅) ဘူးသီးတောင်ဟူ၍ သုံးခုရှိရာ စကခ (၉) ကျောက်တော် လက်အောက်ခံ တပ်ရင်းများအားလုံးကို ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းယူ နိုင်ခဲ့သည်။

 

ကျန် စကခနှစ်ခုထဲမှ တစ်ခုဖြစ်သော “စကခ (၁၅) ဘူးသီးတောင်” လက်အောက်ရှိ တပ်ရင်းများဖြစ်သော ခမရ-၅၅၂ တပ်ရင်းကို မတ်လ (၂၅) ရက်တွင် လည်းကောင်း၊ ခမရ-၅၆၄ တပ်ရင်းကို ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊ ခမရ-၅၆၅ တပ်ရင်းကို ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်ကို မေလ (၂) ရက်နေ့တွင်လည်းကောင်း၊ ခမရ -၅၅၁ တပ်ရင်းကို မေလ (၃) ရက် နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

သိမ်းပိုက်ရန်ကျန်ရှိသည့် လက်ကျန်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် တာဝါတိုင်စခန်းကုန်း၊ (၆)မိုင်စခန်းကုန်း တို့အပြင် နခခ-၁(ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည်။

 

 

 

ရုပ်သံ – AA info Desk

Related News

Depend on news