PDF တပ်သားလေးဦးက အင်အား ၃၀ပါ စစ်ကြောင်းကို တိုက်ခိုက်လို့ ၁၁ဦးသေ

Author လဂွန်းအိမ်
Categories
Published on May 06, 2024

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြေတိုင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တပ်သား လေးဦးက လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာကြောင့် ၁၁ ဦးသေဆုံးသွားခဲ့တယ်လို့ ကိုနွေဦး(မြောင်)က ပြောပါတယ်။

 

မတ်လ ၄ ရက်နေ့မှာ ရေဆင်းရွာကနေ မြေတိုင်းရွာဘက်ကို ရောက်လာတဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်ကိုင်ဆောင်လေ့ရှိတဲ့ သေနတ်တွေကို ကိုင်ဆောင်ထားတဲ့ PDF ရဲဘော်တွေကို လူမှားပြီး နှုတ်ဆက်ရာကနေ PDF ရဲဘော်တွေက လက်ဦးမှု ရယူပစ်ခတ်ခဲ့တာပါ။

 

“ ကျွန်တော်တို့ ရဲဘော်ကို သူတို့လူအထင်နဲ့ သူတို့ဆီလှမ်းခေါ်တာ၊ ကျွန်တော်တို့ ရဲဘော်က လက်ဦးမှုရယူပြီး ၄၀ မမ နဲ့ ပစ်သွင်း လက်နက်နဲ့ ထပ်ပစ်တယ်ပေါ့ ပေ ၂၀ အကွာကနေ ပစ်ရတာဆိုတော့ နေရာတွင် ၄ ကောင်ကျသွားပြီးမှ ဆုတ်ပစ်ပစ်တဲ့အချိန်မှာ ၃ ကောင်ထိသွားတဲ့အတွက် ၃ လောင်းထပ်ရတယ်ပေါ့” ဟု မြောင်ကာကွယ်ရေးတပ်ဖွဲ့ CDSOM ကိုနွေဦး – မြောင် မှ CJ Platform ကိုပြောပါသည်။

 

စစ်ကြောင်းတစ်ခုလုံးကို ခုခံတိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ပေမယ့် ဆိုင်ကယ်နှစ်စီးတော့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် တိုက်ပွဲနေရာကို ငါန်းဇွန်ဘက်ကနေ စစ်ကူလာခဲ့တဲ့ စစ်ကားနှစ်စီးက စစ်ကောင်စီတပ်သားတွေဟာ ညောင်လေးပင်တာဘောင်ပေါ်မှာ ကားရပ်တန့်ပြီး ခြေလျှင် စစ်ကြောင်းထိုးလာချိန်မှာလည်း ကြိုတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာမို့ လေးဦးထပ်မံ သေဆုံးသွားတယ်လို့ ကိုနွေဦး (မြောင်) ကပြောပါတယ်။

 

မြောင်ကာကွယ်ရေးတပ်ဖွဲ့ CDSOM ဟာ မတ်လ ၁ ရက်နေ့ကနေ စတင်ပြီး ၄ ရက်နေ့အထိ မြို့နယ်အတွင်း ဆီမီးခုံကျေးရွာဘက်ကနေ ဝင်ရောက်လာတဲ့ စစ်ကြောင်းကို ခုခံတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီကတော့ သေဆုံးတပ်သားအလောင်းတွေကို ထွေလာဂျီနဲ့ တင်ဆောင်ကာ ငါန်းဇွန်မြို့ဘက်ကို ပြန်ပြန်သယ်ယူနေရပါတယ်။

 

ပုံစာညွှန်း – စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်လေးဦး