နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရသည့် ဝမ္မသူးဆေးရုံ လူနာများကို ရွေ့လျားစနစ်ဖြင့် ဆေးကုသပေးနေဟုဆို အလှူငွေ ကျပ်သိန်းလေးရာကျော်ရရှိ

Author ဝက်ဝံနက်
Categories
Published on May 02, 2024

စစ်ကောင်စီလေယာဉ်၏ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရသော ချင်းပြည်၊ မင်းတပ်မြို့က ဝမ္မသူးဆေးရုံလူနာများကို ရွေ့လျားစနစ်ဖြင့် တိမ်းရှောင်ရာနေရာများအထိ သွားရောက်ကုသပေးနေကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ယောမန်က CJ Platform သို့ပြောသည်။

 

“လုံခြုံတဲ့နေရာတွေမှာထားမယ်။ ဆရာဝန်တွေကလည်း ရွေ့လျားပေါ့နော်။ မိုဘိုင်းလ်(ရွေ့လျား) သွားမယ်။ တစ်နေရာကနေ တစ်နေရာ ရွေ့သွားမယ်။ အဲဒီလိုမျိုး ဆေးကုသမှုပေးနေပါတယ်” ဟု ၎င်းက ပြောသည်။

 

ဧပြီ ၂၅ နှင့် ၂၈ ရက်နေ့တို့တွင် ဝမ္မသူးဆေးရုံကို စစ်ကောင်စီလေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံတစ်ခုလုံးအပါအဝင် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ အနီးရှိ လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည်။

 

ဗုံးကြဲခံရပြီးနောက် ရက်ပိုင်းအတွင်း အလှူငွေ ကျပ်သိန်းလေးရာကျော်ရရှိထားပြီဖြစ်ပြီး လတ်တလော ဆေးရုံအတွက် လူနာတင်ယာဉ်လိုအပ်နေသည်ဟု ဆလိုင်း ယောမန်က ပြောသည်။

 

“ဆေးကုသမှုတွေကို ပြန်လည်ပတ်နေတယ်။ လုံခြုံတဲ့ တောထဲတောင်ထဲတွေမှာ နေရာသုံးလေးနေရာခွဲပြီးတော့ ဆေးကုသမှုတော့ ပြန်စနေတယ်။ လက်ရှိအလိုအပ်ဆုံးကတော့ လူနာတင်ဖို့ကားပေါ့နော်။ ပစ္စည်းရော၊ လူနာရောတင်လို့ရမယ့် Double Cab ကား လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

 

ဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် ဆေးရုံအတွက် အလှူငွေ သိန်းလေးရာကျော် ရရှိထားပြီဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

 

လက်ရှိတွင် ဝမ္မသူးဆေးရုံအနီးကျေးရွာများမှာလည်း ဗုံးကြဲခံရပြီးနောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရသည့်အတွက် ရွေ့လျားကုသပေးခြင်းမှာ သင့်တော်သည်ဟု မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက မှတ်ချက်ပေးပြောကြားသည်။

 

“စစ်တပ်က ဆေးရုံကိုပဲ မဲနေတာ။ နောက်ထပ် ဗုံးလာမကြဲဘူးလို့ မပြောနိုင်ဘူးလေ။ ဆေးရုံနဲ့ နီးတဲ့ကျွန်တော်တို့တွေလည်း တောထဲပုန်းနေရတာပဲ။ ဒီလို ကုသပေးတာကတော့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

 

ဝမ္မတူးဆေးရုံသည် ချင်းပြည်နယ်တောင်ပိုင်းသာမက ၊ မကွေး ၊ စစ်ကိုင်းတို့မှ တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူများ အားထားရာဆေးရုံတစ်ခုလည်းဖြစ်သည်။

 

ဓာတ်ပုံ – ဆလိုင်း ယောမန်

 

ပုံစာ – ဧပြီ ၂၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့မြင်ရသည့် ဝမ္မသူးဆေးရုံကို တွေ့မြင်ရစဉ်