မိုးသက်လေပြင်းကြောင့် စစ်ကိုင်းက မြို့နယ်သုံးခုရှိ နေအိမ်ရာနှင့်ချီအပါအဝင် စစ်ရှောင်တဲ၊ ဘုရားကျောင်းကန်နှင့် သီးနှံစိုက်ခင်းများပျက်စီး

Author မင်းထက်
Categories
Published on May 02, 2024

စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ ဒီပဲယင်းနှင့် ဆားလင်းကြီးမြို့နယ်များတွင် ယမန်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ရာနှင့်ချီအပါအဝင် စစ်ရှောင်တဲ၊ ဘုရားကျောင်းကန်နှင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

“မနေ့ညနေပိုင်းက လေရောမိုးရော ကျတာ။ သစ်ပင်တွေလဲ၊ သစ်ကိုင်းတွေကျိုး၊ ဓာတ်တိုင်တွေလဲတယ်။ တချို့အိမ်တွေဆို ခေါင်မိုးတွေလန်တယ်။ မီးကလည်း ပျက်သွားတာ။ ဒီချိန်ထိကိုမလာဘူး” ဟု ‌မုံရွာမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform သို့ပြောသည်။

 

ထို့ပြင် ဒီပဲယင်းမြို့နယ်ရှိ တည်တောရွာ၊ သရက်ကန်ရွာ၊ ကိုင်းကံရွာ၊ မအုံးရွာနှင့် မြင်းတန်းရွာစသည့် ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်နှင့် စစ်ဘေးဒုက္ခသည်များ၏  တဲအိမ်များပါ ပျက်စီးသွားကြောင်း၊ လေပြင်းတိုက်ခတ်ခံရသော ကျေးရွာများအနက် အချို့ကျေးရွာများသည် စစ်ကောင်စီစစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသော ကျေးရွာများဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့များ ထံမှ သိရသည်။

“ညနေပိုင်းမှာ  လေပြင်းရော၊ မိုးသီးတွေရော ကျလာလို့  ဘုရားကျောင်းနဲ့ တောင်သူတွေရဲ့ သီးနှံတွေ ပျက်ဆီးသွားခဲ့တယ် ” ဟု မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာ၀န်ခံက ပြောသည်။

 

မုံရွာမြို့ တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်တွင်လည်း မတ် ၁ ရက် ညနေပိုင်းမှစတင်ကာ မိနစ် ၃၀ ခန့် မိုးသက်လေပြင်း ကျရောက်ခြင်းကြောင့် စစ်ရှောင်တဲ ရှစ်လုံးပျက်စီးပြီး ဒေသခံနေအိမ်အချို့ ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ ထို့ပြင် လမ်းမများပေါ်တွင် သစ်ပင်ကြီးများလဲကျခြင်းနှင့် ဓာတ်တိုင်များလည်း ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စံချိန်တင် အပူဒဏ်ကြောင့် မိုးသက်လေပြင်းတိုက်ခိုက်မှုများ အညာဒေသတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့ မေ ၁ ရက်က  စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အပူချိန် ၄၂ မှ ၄၄ ဒီဂရီဆဲလ်ဆီးယက် ကြားရှိနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

ဧပြီ ၂၉ ရက်နေ့တွင် မကွေးမြို့သည် ၄၆ ဒသမ ၁ ဒီဂရီဆဲလ်ဆီးယက်ဖြင့် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်း၏ နံပါတ် ၃ တွင်လည်းကောင်း၊ မုံရွာမြို့သည်လည်း အပူချိန် ၄၄ ဒသမ ၈ ဒီဂရီဆဲလ်ဆီးယက်ဖြင့် နံပါတ် ၁၃ နေရာတွင် အသီးသီးပါဝင်ခဲ့ကြသည်။

 

ဓာတ်ပုံ – ကိုသစ္စာ၊ CJ