KNUထိန်းချုပ်နယ်မြေအတွင်း ဧပြီလနှောင်းပိုင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံး၊ ၂၀ဦး ဒဏ်ရာရ

Author လင်းနွေဦး
Categories
Published on May 01, 2024

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေများ၌ ပြီးခဲ့သည့် ဧပြီ ၂၂ရက်မှ ဧပြီ ၃၀ ရက်အထိ ကိုးရက်တာကာလအတွင်း စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးကာ ၂၀ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။

KNU အုပ်ချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ(၃) ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၁) ဒူးသထူ(သထုံ)ခရိုင် ၊ တပ်မဟာ(၇)ဘားအံခရိုင်အတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများအပြင် အရပ်သားပြည်သူ အသုံးပြုရာလမ်းများ၌ မိုင်းများထောင်ထားမှုကြောင့် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် နေအိမ်အဆောက်အအုံ ၁၆ လုံး လက်နက်ကြီးထိမှန်ပျက်စီးသကဲ့သို့ အခြားသော အဆောက်အအုံမျာလည်း ပျက်စီးမှုရှိခဲ့သည့်အပြင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်မှုနေရသည်ဟု KNU ထုတ်ပြန်ချက်များအတွင်း ဖော်ပြထားချက်အရ သိရသည်။

 

၉ ရက်အတွင်း တပ်မဟာ (၁) သထုံခရိုင်မှ ပြည်သူတစ်ဦးနှင့် တပ်မဟာ (၃) လယ်ဒို(ကျောက်ကြီး)မြို့နယ်မှ နှစ်ဦး စုစုပေါင်း သုံးဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး သထုံခရိုင်အတွင်းမှ ပြည်သူ နှစ်ဦး၊ ဖားအံခရိုင်မှ သုံးဦးနှင့် ခလယ်လွီထူခရိုင်မှ ငါးဦး စုစုပေါင်း (၂၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံများထံမှ သိရှိရသည်ဟု KNU က ဆိုထားသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများအပြင် သထုံခရိုင်အတွင်း နေအိမ် ရှစ်လုံးနှင့် စာသင်ကျောင်း အဆောက်အအုံ သုံးလုံး၊ ခလယ်လွီထူ ခရိုင်အတွင်းရှိ မူး(မုန်း)၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်များအတွင်းမှ  ပြည်သူပိုင်နေအိမ်  ရှစ်လုံးနှင့် ရော်ဘာခြံများ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရကြောင်း KNU မှတ်တမ်းများအရ သိရသည်။

 

KNU အုပ်ချုပ်ရေးနယ်မြေများအတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကြား မကြာခဏ ထိတွေ့တိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ မကင်းပင်ကျောက်ပုံစိတ်နှင့် ဂုံးဒိုင်းကျေးရွာတို့ရှိ အိမ်ထောင်စု (၁၁၄၈)စု မှ ပြည်သူ (၅၈၁၉) ဦး စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု KNU ထံမှ သိရသည်။

 

ဓာတ်ပုံ-KNU

 

Related News

Depend on news