အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် အပြစ်ပေးနိုင်ကြောင်း IIMM ဆို

Author မွန်လေး
Categories
Published on Sep 29, 2022

အရပ်သားများကို ပစ်မှတ်ထားသည့် လက်ကိုင် တိုက်ခိုက်မှုများကို နိုင်ငံတကာစစ်ဥပဒေက တားမြစ်ထားပြီး အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုများ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် အပြစ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကစက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ယပ်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ တပ်မှုးများ၌ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိသော စစ်ရာဇဝတ်ကျူးလွန်မှုအဖြစ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အထက်ပါကျေးရွာရှိ စာသင်ကျောင်းတစ်ခု တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိမရှိစိစစ်ရန် အထောက်အထားများစုဆောင်းနေကာ ကလေးငယ်အများအပြားအပါအဝင် ၁၂ဦးသေဆုံးခဲ့သည်ဟု IIMMက ဆိုထားသည်။

လက်ယပ်ကုန်းရွာတိုက်ခိုက်မှုသည် အရပ်သားများကိုပစ်မှတ်ထားခြင်းမဟုတ်ဘဲ ကျောင်းတွင်းရှိနေသည်ဟု ယူဆရသည့် KIAနှင့် PDFတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသော်လည်း အရပ်သားများ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများလွန်ကဲစွာဖြစ်ပေါ်လာပါက စစ်ရေးအရ အသာစီးရရန် မျှော်လင့်ချက်ဖြင့် တိုက်ခိုက်မှုကို စစ်ပွဲဥပဒေများအရတားမြစ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် ကျုးလွန်သည့် အလေးနက်ဆုံးသော နိုင်ငံတကာရာဇဝတ်မှု ချိုးဖောက် ခြင်း အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေအရ အရပ်သားများအနီး စစ်ရေးတိုက်ခိုက်ရန်ဆုံးဖြတ်သော တပ်မှူးများသည် အချက်သုံးချက်ကို လိုက်နာရမည်ဖြစ်ပြီး စစ်ဆင်ရေး ရည်မှန်းချက် ရှိသည်ကို အခိုင်အမာ ပြသဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရမည်။ စစ်ရေးနည်းလမ်းများကို ရွေးချယ်ရာတွင် အရပ်သားများ ထိခိုက်မှု မဖြစ်စေရန် သို့မဟုတ် ထိခိုက်မှု နည်းနိုင်သမျှနည်းစေရန် လက်တွေ့ကျသော ကြိုတင်ကာကွယ်မှုများ လုပ်ရမည်။ အချိုးအစားမမျှသော အရပ်သားသေဆုံးမှုများ သို့မဟုတ် အရပ်သားပိုင်ဆိုင်မှုများ ပျက်စီးစေနိုင်သည့် တိုက်ခိုက်မှုမျိုးကို လုံးဝမပြုလုပ်ရဟု IIMMက ထုတ်ပြန်ထားသည်။

အထက်ပါအချက်သုံးချက်ကို လျစ်လျူရှုသောတပ်မှူးများတွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိနိုင်ပြီး၊ အမိန့်အတိုင်းလုပ်ဆောင်ခဲ့သည့် စစ်သားများနှင့် လေယာဥ်မှူးများတွင်လည်း တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။