ပဲခူးတွင် စစ်ကောင်စီတိုင်းဝန်ကြီးချုပ်အပါအဝင် လက်အောက်ခံများ MEVM ဖြင့် မဲအစမ်းပေးနည်းလေ့ကျင့်

Author လင်းနွေဦး
Categories
Published on Apr 26, 2024

ပဲခူးတိုင်း၊ ပဲခူးမြို့ မြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုပြီး လက်တွေ့မဲပေးခြင်း ရှင်းလင်းပွဲသို့ စစ်ကောင်စီ တိုင်းဝန်ကြီးချုပ်အပါအဝင် လက်အောက်ခံများ တက်ရောက်လေ့ကျင့်ခဲ့ကြသည်။

 

ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ပဲခူးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပဲခူးခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အများပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ယမန်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်။

 

“မနေ့မနက်က မြို့တော်ခန်းမမှာ သူတို့အခေါ်တော့ MEVM ပေါ့ဗျာ။ ရွေးကောက်ပွဲမှာ သုံးမဲ့စက်တွေကို စမ်းသပ်အသုံးပြုတဲ့ဟာ တက်ရောက်ဖို့ နီးစပ်ရာတွေ လိုက်ဖိတ်တာမျိုးတွေလုပ်တာပေါ့။ ဝန်ကြီးချုပ်ကိုယ်တိုင် လာတာဆိုတော့ လုံခြုံရေးတွေလည်းအပြည့်ပဲ။ လာကြတာကတော့ ဌာနဆိုင်ရာက သူတွေ၊ သူတို့လက်အောက်ခံ ဝန်ထမ်းတွေ များတာပေါ့။ ပြည်သူတွေက သူတို့ဘာလုပ်လဲ အဲဒီလောက်စိတ်မဝင်စားကြဘူးလေ” ဟု မြို့တော်ခန်းမအနီးနေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ပဲခူးဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

 

အီလက်ထရောနစ် စနစ်သုံးမဲပေးစက်(Myanmar Electronic Voting Machine- MEVM)ဟု စစ်ကောင်စီရွေး/ကော်က အမည်ပေးထားသည့် စက်များအသုံးပြုပုံကို တိုင်းနှင့် ပြည်နယ်အများအပြားတွင် လိုက်လံပြသနေကြသည်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလုပ်နိုင်ရေး ရည်ရွယ်ကျင်းပရန် စစ်ကောင်စီက အပြင်းအထန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် MEVM များဖြင့် မဲပေးနိုင်ရန် စစ်ကောင်စီ ရွေး/ကော်က လုပ်ဆောင်နေခြင်းဖြစ်သည်။

 

စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာမျက်နှာဖုံးများတွင် နေ့စဉ်ဆိုသကဲ့သို့ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထုတ်ပြန်ကြေညာနေပြီး နောက်ဆုံးအချက်တွင် စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိသူကို အာဏာလွှဲအပ်မည်ဟု ထည့်သွင်းဖော်ပြထားသည်။

 

ထို့ပြင် ယမန်နေ့ ဧပြီလ ၂၅ ရက်ထုတ်သတင်းစာများတွင် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင်အုပ်ချုပ်သည့် ကမ္ဘောဒီးယားနိုင်ငံသို့ပြန်တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ် H.E. Mr. Chum Angvichet ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၎င်း၏ နေပြည်တော်ရုံးသို့ ခေါ်ယူ၍ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုများကို ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။

 

ဓာတ်ပုံ- စစ်ကောင်စီဝါဒဖြန့်သတင်းစာများ

 

ပုံစာ – ပဲခူးမြို့ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့သည့် MEVM မဲပေးစက်အသုံးပြုပုံ ရှင်းပြနေသည်ကို ကြည့်ရှုနေကြသည့် ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ