မင်းတပ်ရှိ ဝမ္မသူးဆေးရုံ ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခံရမှု ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရဟု CDF Mindat ဆို

Author ဝက်ဝံနက်
Categories
Published on Apr 26, 2024

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံသည် ယမန်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုတိုက်ခိုက်ခံရမှုအတွင်း အရပ်သားပြည်သူ လေးဦးသေဆုံးပြီး ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း Chin Defence Force-Mindat မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

“လေးဦး ​သေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပါတယ်ဗျ။ ​ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာ​တွေက​တော့ ပြန်အသုံးပြုလို့ မရနိုင်​လောက်​​အောင် ထိခိုက်သွားပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ဧပြီ ၂၆ ရက် မွန်းတည့် ၁၂ ခန့်အထိ စစ်ကောင်စီတပ်၏ လေယာဉ်များသည် ဆေးရုံအနီးတဝိုက်နှင့် မင်းတပ်မြို့ပေါ်တို့တွင် ပျံဝဲနေသေးကြောင်း ၎င်းက ဆိုသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူများပါဝင်ကြောင်း ၎င်းက ဆက်ပြောပြသည်။

 

“စိုးရိမ်ရတဲ့ သူ​တွေလည်းများပါတယ်။ ရှိ​နေတဲ့ ဆရာဝန်၊ ဆရာမ​တွေနဲ့ ​ဆေးအကူ​တွေက ကူ​ပေး​နေကြပါတယ်။ တချို့ဆရာမ​တွေဆို ကိုယ်တိုင်ထိခိုက်ခံရတဲ့ကြားက ကူ​ပေး​​နေကြတာ ရှိပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

 

အဆိုပါဗုံးကြဲခံရသည့် ဆေးရုံသည့် ချင်းကာကွယ်ရေးတပ်(CDF)များ ထိန်းချုပ်ထားသည့်နယ်မြေများအတွင်း အကြီးဆုံးဆေးရုံတစ်ခုဖြစ်ပြီး အရေးပေါ်လူနာများကို ကုသပေးနေသည့် ဆေးရုံတစ်ခုဖြစ်သည်။

 

ဓာတ်ပုံ – CDF-Mindat