စစ်မှုထမ်းကိစ္စကို အသုံးချပြီး အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတစ်အုပ်စုကို သိန်း ၁၀၀ ပေးဖို့ပြော

Published on Apr 26, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အနောက်ခြမ်းမှ ကျေးရွာများတွင် စစ်မှုထမ်းအပတ်စဉ် (၂) အဖြစ် စတင် ခေါ်ဆောင်နေပြီး စစ်မှုထမ်းမလိုက်လိုပါက လစဉ် နှစ်သောင်းကျပ်မှ စ၍ သိန်းတစ်ရာ ထိ ပေးဆောင်ရမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးတောင်းခံနေသည်ဟု ဒေသခံများထံမှ သိရသည်။

 

အုတ်ဖိုမြို့နယ် မတောင့်တ၊လေးတဲ၊ကျွန်းကောက်ပင်နှင့် ရှမ်းရွာ ကျေးရွာများရှိအုပ်ချုပ်ရေးမှူးများသည် အိမ်တစ်အိမ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိ ငွေစုပေးရမည်ဆိုပြီး ကောက်ခံနေသည်ဟု အုတ်ဖိုဒေသခံ အသက် ၄၀ ခန့်အမျိုးသားတစ်ဦးမှ  CJ Platform သို့ပြောသည်။

 

“ အိမ်တိုင်း ၂သောင်း ပေးရမယ် ၃ သောင်းပေးရမယ်ပေါ့ လစဉ်ပေါ့ တစ်ရွာနဲ့တစ်ရွာတော့မတူဘူး အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံပေးတဲ့အိမ်အဆင်ပြေမယ်လို့ဆွဲဆောင်ပြီး ပိုက်ဆံစုတယ် စစ်တပ်ကတာဝန်ရှိသူတွေကို ပေးရတာပေါ့ ပေါ်တာဆွဲမခံရအောင်ပေါ့ စုတဲ့ရွာကစုနေပြီ မစုတဲ့ရွာကလည်း မစုသေးဘူး အောက်ခြေစစ်သားတွေက လုပ်စားနေတာပေါ့။ တိမ်မြုတ်တပ်ထဲမှာလည်းဆွဲထားတာ လူ လေးငါးရာလောက်ရှိတယ်လို့ သိရတယ် အုတ်ဖို၊ ကြို့ပင်ကောက်၊ဇီးကုန်း၊ နတ်တလင်း၊မိုးညို ဘက်ကတွေရောပါမှာပေါ့  ” ဟု ပြောသည်။

 

ဧပြီလ ၂၄ ရက်နေ့နံနက်က အုတ်ဖိုမြို့ပေါ်မှ ခရီးသွားပြည်သူ အမျိုးသား ၃ ဦးနှင့် ညဘက်တွင် လွှစင်တန်းရပ်ကွက်မှ ၃ ဦး စုစုပေါင်း ၆ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ်များကို တားကာ လူဖမ်းသည်ဟုလည်း ယင်းဒေသခံမှ ပြောသည်။

 

စစ်ကောင်စီတပ်မှ သင်္ကြန်ပြီးနောက်ပိုင်း ကြက်ဆူတောအုပ်စုတွင် အမျိုးသား ၁၅ ယောက်ခန့်ကို လာရောက်ခေါ်ဆောင်ပြီး တိမ်မြုတ်တပ်ထဲသို့ ချက်ချင်းပို့ဆောင်ကာ ဆေးမအောင်သော အမျိုးသား ၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု အသက် ၆၀ အရွယ်ခန့် အုတ်ဖိုဒေသခံအမျိုးသားမှ CJ Platform သို့ပြောသည်။

 

“ သူတို့ကို တခါထဲခေါ်သွားတယ် ၁၅ ယောက်ဆေးစစ်ရအောင်ဆိုပြီးသွားကြတယ် ဆေးမအောင်လို့ဆိုပြီး သုံးယောက်ကိုပြန်လွှတ်တယ် အဲ့လိုလုပ်တော့ ခလေးတွေရော လူကြီးတွေရော နေ့ဘက်လည်း ပြေး ညဘက်လည်းပြေး ပြေးနေရတာပေါ့  ရွာထဲလူမနေရဲဘူး ” ဟု ပြောသည်။

 

ဧပြီလ ၂၄ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများစု၍  ကျေးရွာတစ်အုပ်စုလျှင် လူသုံးယောက်ပေးရန် မပေးနိုင်ပါက သိန်းတစ်ရာကျပ်ပေးရမည်ဟုပြောပြီး တစ်အိမ်လျှင် ခွဲတမ်းချပေးဆောင်ရသည်ဟု သိရသည်။

 

“ အဲ့လိုလူစုတော့ကြောက်ကြတာပေါ့ ၂၄ ရက်နေ့ကတော့ အုပ်ချုပ်ရေးမှူးတွေညှိပြီး တစ်အုပ်စုကို သိန်းတစ်ရာပေး အဲ့လိုပေးရင် ကြုံတဲ့နေရာကနေ အစားထိုးဆွဲပြီးထည့်ပေးမယ်ပေါ့ ပိုက်ဆံပေးလည်း မလုံခြုံပါဘူး အပြင်တော့မထွက်နဲ့ တွေ့ရင် ဆွဲမယ်ဆိုတာမျိုးပေါ့” ဟု ပြောသည်။

 

စစ်ကောင်စီတပ်မှ ဆေးမအောင်ဘဲ ပြန်လွှတ်သည့် လူများသည် အသက်အရွယ်ကြီးရင့်သူများနှင့် အရက်သမားများကိုသာ ပြန်လွှတ်ပြီး စစ်မှုထမ်းပါသူများကို ငွေဖြင့်ရွေး၍ရသည်ဆိုသော အဖြစ်မျိုးမရှိသေးဟုလည်း သိရသည်။

 

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့ပေါ်တွင် နေ့ခင်းဘက်အချိန်၌ စစ်ကားများဖြင့် အိမ်ပေါ်ထိလာရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးခံကြရပြီး တချို့မှာ အဆက်သွယ်ရသော်လည်း တချို့မှာ ယခုအချိန်ထိ အဆက်အသွယ်မရသေးဟု သိရသည်။