ရွာစဉ်မီးရှို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် PDF အဖွဲ့ တမာခက်ဖြင့် ကြိုဆိုခံရ

Author ဂျွန်နသန်၊ မင်းထက်
Categories
Published on Apr 25, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ရွာများကို မီးရှို့ပြီး ဆက်တိုက်စစ်ကြောင်းထိုးနေသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့သည့် PDF များကို ရွာငါးရွာမှ ထောင်နှင့်ချီသည့် စစ်ရှောင်ပြည်သူများက တမာခက်များဖြင့် ကြိုဆိုခဲ့ကြသည်။

 

“ကျွန်တော်တို့ကိုကြိုဆိုတဲ့ပြည်သူတွေက ကျေးရွာငါးရွာကပေါ့နော်။ ကျွန်တော်နာမည်တော့ မဖော်ချင်လို့ ဘာကြောင့်ဆို ပြည်သူတွထိခိုက်မှာစိုးလို့ပါ။ အဲဒီငါးရွာက စစ်ဘေးရှောင်ပြည်သူတွေရဲ့အင်အားက တစ်ထောင်ကျော်လောက်ရှိပါတယ်။ အဲဒါတွေအားလုံးက ကျွန်တော်တို့ကိုကြိုဆိုခဲ့တာပါ” ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက CJ Platform သို့ပြောသည်။

 

ဧပြီလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က ကိုင်းရွာကို မီးရှို့ပြီးပြန်လာသော စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်ပါစစ်ကြောင်းကို ဂင့်ဂဲအရှေ့ဘက်ရှိ သိမ်ဒိုင်နှင့် ရွာသစ်ရွာကြားသို့ရောက်ရှိချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ထံမှ သိရသည်။

 

ဆက်လက်၍ မရိုးရွာအနောက်ဘက်သို့ ရောက်ရှိလာချိန် ထပ်မံတိုက်ခိုက်ခဲ့ရာတွင် တစ်နာရီခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ဇလပ်ကုန်းရွာဘက်သို့ ဆုတ်ခွာသွားခဲ့သည်ဟု MBT တပ်ဖွဲ့ထံမှ သိရသည်။

 

“စောင့်ကြိုတိုက်ခိုက်ခဲ့တာက ပထမဦးဆုံးအကြိမ်ဖြစ်တဲ့ မနက် ၈ နာရီပါ။ နောက်ထပ်တစ်ချိန်ကတော့ ကျွန်တော်တို့ကိုယ်တိုင် သွားတိုက်ခဲ့တာပါ။ တိုက်ပွဲကတော့ ဒီကောင်တွေ(စစ်ကောင်စီ)ဘက်က လေယာဉ်သုံးတာမျိုးတော့ မရှိသေးပါဘူးဗျ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိပါဘူးဗျ” လို့ Myingyin Black Tiger တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက CJ Platform သို့ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရရှိခဲ့သည်ဟု MBT အဖွဲ့၏ ယမန်နေ့ ဧပြီ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါတိုက်ခိုက်မူကို Myingyan Black Tiger တပ်ဖွဲ့နှင့်အတူ၊ ငါးဇွန်မြို့နယ် တပ်ရင်း (၆)တပ်ခွဲ (၁) နောင်ရိုးပြောက်ကျားတပ်ဖွဲ့နှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့(LPDF)တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြသည်။

 

MBT တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်သားများ စိုးမိုးမှုအားကောင်းနေသော မြို့ပြရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများကို ဦးတည်၍ ထိုးစစ်ဆင်တိုက်ခိုက်ရန်အတွက် လက်နက်ကြီးအင်အားဖြည့်ဆည်းရန် ဧပြီ ၁ ရက်နေ့မှ ဇွန် ၁ ရက်အထိ  နှစ်လတာအတွင်း  မြို့ပြဆီသို့ဆိုသည့် သိန်း ၃၀ဝ၀ ကမ်ပိန်းကိုပြုလုပ်လျက်ရှိရာ ၁၀ ရာခိုင်နှုန်းခန့်သာ အောင်မြင်ကြောင်း MBT ထံမှ သိရသည်။

 

“ကမ်ပိန်းက ၁၀ ခိုင်နှုန်းလောက်ပဲ အောင်သေးတာပါ။ အဲဒီက ရထားတဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ရှိတဲ့လက်နက်ထက် တစ်လက်ဖြည့်ပြီးဝယ်ချင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့မဝယ်နိုင်ခဲ့ပါဘူး။  ၁၀ ရာခိုင်နှုန်းဆို ဘာပဲဖြစ်ဖြစ် တလက်လောက်တော့ ရပါပြီ။ ဒါပေမဲ့ ဒါတွေကို အခုသုံးလိုက်တဲ့ကျည်ဖိုးတွေ၊ ခဲယမ်းဖိုးတွေနေရာမှာ အစားထိုးနေရလို့ပါ” ဟု ဗိုလ်မိုက်ခဲက ပြောသည်။

 

ရုပ်သံ – Myingyan Black Tiger