ရွှေဘို၊ ချီပါရွာအတွင်း ၇ ရက်ကြာ ဝင်မွှေနေသော စစ်ကောင်စီစစ်ကြောင်း နေအိမ်များကို မီးတင်ရှို့နေ‌

Author မင်းထက်
Categories
Published on Apr 24, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ချီပါကျေးရွာအတွင်း ခုနစ်ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီ ၂၄ ရက်တွင် ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း  ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

 

ဧပြီလ ၁၈ ရက်နေ့က စတင်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ ညနေ ၄ နာရီခန့်မှစတင်ကာ ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်ဟု ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

“အခုလည်း (၄ နာရီ ၄၅ မိနစ် ခန့်က)ရွာထဲ မီးရှို့နေကြတယ်။ တစ်နာရီလောက်တော့ ရှိနေပြီ။ အိမ်ခြေ ၄၀ လောက်ရှိမယ်လို့သိရတယ်” ဟု ၎င်းက ပြောသည်။

 

နယ်မြေအခြေအနေနှင့် ပျက်ဆီးမှုအနေအထားများကို စစ်ကောင်စီတပ်သားများ လက်ရှိသတင်းရေးသားနေချိန်အထိ ရှိနေဆဲဖြစ်သောကြောင့် အတည်ပြုနိုင်ရန် ခက်ခဲနေဆဲဖြစ်ပြီး CJ Platform အနေဖြင့်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းကုန်း၊ အိုးဘိုရွာတို့မှတစ်ဆင့် ချီပါကျေးရွာသို့ အင်အား ၅၀ စီပါ စစ်ကြောင်း နှစ်ကြောင်းဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

 

ထို့နောက် ယင်းကျေးရွာအတွင်း အထိုင်ချကာ ညပိုင်းအချိန်များတွင် ကားများဖြင့် ပစ္စည်းများသယ်ဆောင်ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

 

ချီပါကျေးရွာဒေသခံများအပါအဝင် အနီးကျေးရွာများမှ ဒေသခံထောင်နှင့်ချီသည်  စစ်ကောင်စီတပ်သားများဝင်ရောက်လာသည့် ဧပြီ ၁၈ ရက်နေ့ကတည်းက ဘေးလွတ်ရာတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု အဆိုပါရှောင်တိမ်းနေသူများထံမှ သိရသည်။

 

“စစ်ကြောင်းလာပြီဆိုတည်းက ပြေးထွက်လာရတာ။ ခုတော့ ကိုယ်အဆင်ပြေရာနေရာမှာပဲ နေရတယ်။ ဒီနေ့နဲ့ဆို  ခုနစ်ရက်ရှိပြီ” ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

 

ယင်းစစ်ကြောင်းသည် သုံးရက်အကြာ ဧပြီ ၂၀ ရက်နေ့က အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ပွေ့ကုန်းရွာကို လက်နက်ကြီးကျည်ကျရောက်ခဲ့၍ ရွာခံ ဒေါ်ချိုတူး ပွဲချင်းပြီး သေဆုံးသကဲ့သို့ ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိကာ ကျွဲ ၃ ကောင် သေဆုံးခဲ့ရသည့်အပြင် ချီပါရွာမှ ဒေသခံ ဆယ်ဦးကျော်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

 

ထိုစစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

 

“ချီပါကျေးရွာအပါအဝင် ဘေးကရွာတွေကပါ တော်တော်များများ ရှောင်နေရာတာ။ စစ်ရှောင်ပြည်သူ ၈၀ဝ၀(ရှစ်ထောင်)ကျော်ရှိမယ်။ ဆွေမျိုးနီးစပ်တွေ၊ မူးကမ်းရိုးဘက်တွေ၊ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ နေနေကြရတယ်” ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ဆိုသည်။

 

ယင်းစစ်ဘေးရှောင်များ စားဝတ်နေရေးအဆင်ပြေစေရန် ဒေသတွင်းတော်လှန်ရေးတပ်များဖြစ်ကြသော ဇာမဏီဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒပယ)၊ ဂျိူကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Shwebo Crocodile အဖွဲ့၊ သီးနှံများ သွားရောက်ကူညီပေးခဲ့ကြောင်း Shwebo Crocodile အဖွဲ့က ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

 

အင်အား ၁၀ဝ ကျော်ရှိသည့် ချီပါကျေးရွာအတွင်း ဝပ်ကျင်းခပ်နေသော စစ်ကောင်စီတပ်သားများကို ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၈ မိနစ်ခန့်မှ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ ရီခွဲအထိ ဝေဟင်စစ်ဆင်ရေး တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ်ပကဖ PDO အဖွဲ့နှင့် မြို့နယ်ပကဖလက်ရုံး Drone တပ်ဖွဲ့တို့မှ Federal Wings Drone ဖြင့် ငါးကြိမ်တိတိ ဗုံးသီးချ၍ နယ်မြေခံ တိုက်နယ် ၅ ပကဖဖြင့် ပူးပေါင်းတိုက်ခိုက်ချေမှုန်းခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် ရွှေဘိုမြို့ခမရ (၁၁) စခဗိုလ်တစ်ဦးအပါအဝင် လေ့ကျင့်ရေး(၈)မှ စစ်သားနှင့် ပျူ သုံးဦး စုစုပေါင်း လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ ရွှေဘိုမြို့မှ အင်အား ၅၀ ခန့်ဖြင့် ချီပါရွာသို့ စစ်ကြောင်းထိုးလာပြီး ချီပါရွာ တံတားထိပ်၌ ရပ်တန့်နေရာယူခဲ့ကြောင်း၊ ထို့နောက် ရွှေဘိုမြို့မှ အိမ်စီးကား ၂ စီး၊ ၁၂ ဘီးကား တစ်စီးဖြင့် အင်အား ၁၅၀ ခန့်ထပ်ဖြည့်ကာ ရှေ့ဆက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

ရုပ်သံ – ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့