ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရသူကို အာဏာလွှဲမည်ဟု စစ်ကောင်စီဆိုပြန်

Author ကိုထားဝယ်
Categories
Published on Apr 24, 2024

ရွေးကောက်ပွဲနိုင် အစိုးရကို ဖြုတ်ချပြီး မတရားအာဏာသိမ်းထားသော စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရသူကို အာဏာလွှဲအပ်မည်ဟု ဆိုလိုက်ပြန်သည်။

 

စစ်အုပ်စု ထိန်းချုပ်ထားသည့် ယနေ့ထုတ် သတင်းစာများတွင် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဟူသည့် ထုတ်ပြန်ချက်အတွင်း နောက်ဆုံးအချက်တွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုလာခြင်းဖြစ်သည်။

 

ထိုနံပါတ် ၅ အချက်ထဲ မဲပေးခွင့်ရှိသူများ မနစ်နာစေဘဲ စနစ်တကျဖြင့် မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်လာစေရေးဆောင်ရွက်ခြင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်သည်။

 

ပထမဆုံးအချက်တွင်လည်း ရွေးကောက်ပွဲဖြင့် စတင်ထားသည်။ ယင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး တစ်နိုင်ငံလုံးတရားဥပဒေစိုးမိုးနိုင်အောင် အလေးထားဆောင်ရွက်မည်ဟူ၍ဖြစ်သည်။

 

ဒုတိယအချက်တွင်မူ ယခင် စစ်အစိုးရများနည်းတူ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ပြီး နိုင်ငံ့စီးပွားနှင့် ပြည်သူ့လူမှုစီးပွားမြင့်မားရေးကြိုးပမ်းမည်ဟု ဆိုထားသည်။

 

တတိယအချက် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးရလဒ်တည်ငြိမ်စေရေး NCA သဘောတူညီချက်အတိုင်း တတ်နိုင်သမျှ အလေးထားဆောင်ရွက်မည်ဟု စစ်ကောင်စီခေါင်းဆောင်များစွဲကိုင်ထားသည့်မူအတိုင်း ဆက်ဆိုသည်။

 

စတုတ္ထအချက်တွင် စစ်မှန်ပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

 

နောက်ဆုံးတွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်တွင် အနိုင်ရမည့် အစိုးရကို တာဝန်လွှဲအပ်မည်ဟု ဆိုထားသည်။

 

သို့သော် မည်သည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပမည်ဆိုသည်နှင့် မည်သို့မည်ပုံ ကျင်းပမည်ဆိုသည်တို့ကို ထည့်သွင်းထုတ်ပြန်ထားခြင်းမရှိပေ။

 

“ဒီနှစ်ထဲတော့ လုပ်သွားနိုင်တယ်။ အရင်လုပ်နေကျ ၁၁ လပိုင်း နိုဝင်ဘာလထဲမှာပဲ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ အခြေအနေတွေကတော့ တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုတော့ အတိအကျတော့ ဘာမှပြောလို့မရဘူးပေါ့နော်” ဟု နိုင်ငံရေးစိတ်ပါဝင်စားသူ ပြည်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

 

သို့သော် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရန် ဆန္ဒမရှိဟု ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။

 

လက်ရှိ တစ်နိုင်ငံလုံးတွင် စစ်ကောင်စီကောင်းကောင်းထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သည့် ဧရိယာမှာ အလွန်ကျဉ်းမြောင်းလာနေပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မလွယ်ကူဟု သုံးသပ်ပြောဆိုကြသည်။

 

ကျင်းပနိုင်ဖွယ်ရှိသည့်နေရာများမှာ ရန်ကုန်၊ ဧရာဝတီတိုင်းတို့တွင် နေရာအများအပြား ကျင်းပနိုင်ဖွယ်ရှိသော်လည်း မန္တလေး၊ ပဲခူး၊ မကွေးတိုင်းတို့တွင် နေရာစုံကျင်းပနိုင်ရန် မလွယ်ကူသကဲ့သို့ စစ်ကိုင်း၊ တနင်္သာရီနှင့် မွန်ပြည်တို့တွင်လည်း အလားတူပင်ဖြစ်ကြောင်း လက်ရှိနိုင်ငံရေးကို နှံ့စပ်သူများက ဆိုသည်။

 

အဆိုးရွားဆုံးမှာ KIA နှင့် ရင်ဆိုင်နေရသည့် ကချင်၊ ရက္ခိုင့်တပ်တော် AA ရှိရာ ရခိုင်၊ ချင်းအမျိုးသားများတပ်ဦး CNA/CNF နှင့် CDF များရှိရာ ချင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီကာကွယ်တပ်များစိုးမိုးရာ ကရင်နီ(ကယား)၊ ကရင်အမျိုးသားများအစည်းအရုံး(KNU)ရှိရာ ကရင်၊ လက်နက်ကိုင်အများဆုံးရှိရာဒေသဖြစ်သော ရှမ်းပြည်တို့တွင် စစ်ကောင်စီရွေးကောက်ပွဲကျင်းပရေး အခက်အခဲဆုံးဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

 

ဓာတ်ပုံ -လူမှုကွန်ရက်