မြဝတီမြို့ တံတားအမှတ်(၁) ဖြတ်သန်းသွားလာခွင့် ပိတ်ထား၊ ထိုင်းနိုင်ငံတွင် ပြန်လည်ဝင်ရောက်ခွင့်မရသူ ရာနှင့်ချီကာ ဘုန်းကြီးကျောင်းများနှင့် တည်းခိုခန်းများတွင် နေထိုင်နေရ

Author စကားဝါ
Categories
Published on Apr 23, 2024

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းရေး ဂိတ်တစ်ခုဖြစ်သည့် ချစ်ကြည်ရေးတံတား အမှတ်(၁) ကို မြန်မာဘက်ခြမ်းမှ ပိတ်ထားခဲ့ခြင်းကြောင့် သင်္ကြန်ပိတ်ရက်အတွင်း နေရပ်ပြန်လည်သွားရောက်သည့် ရွေ့ပြောင်းလုပ်သားများ ရာနှင့်ချီကာ မြဝတီမြို့တွင်း တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် တည်းခိုခန်းများတွင် နေထိုင်နေရလျှက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူများမှ ပြောသည်။

 

တံတားအမှတ်(၁)မှတဆင့် ဖြတ်သန်းသွားလာခြင်းကို ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုဖွင့်လှစ်ထားသော်လည်း မြန်မာဘက်ခြမ်းမှ ဧပြီ ၂၀ ရက်နေ့မှ စတင်ကာ ပိတ်ထားခြင်းဖြစ်ကြောင်း၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်များနှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက် အလုပ်လုပ်နေသူများမှာလည်း သတ်မှတ်ရက်ပြည့်သွားခြင်းကြောင့် သက်တမ်းတိုးရန်အတွက် သွားရောက်ရာတွင် ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုသော်လည်း မြန်မာဘက်ခြမ်းမှ ပြန်လည်ခွင့်ပြုခြင်း မရှိခြင်းကြောင့် မြဝတီမြို့တွင် ပိတ်မိနေကြကြောင်း သိရသည်။

 

“တံတားကတ်က ခုနစ်ရက်ပဲရတာလေ၊ သက်တမ်းပြည့်တော့ တုံးသွားထုတာ ထိုင်းဘက်ကထုပေးလိုက်တယ်၊ မြန်မာဘက်ကျတော့ ပိတ်ထားတော့ ပြန်ဝင်မရဘူး၊ သက်တမ်းပြည့်ချိန် သက်တမ်းမတိုးရင် ထိုင်းရဲကလည်း ဖမ်းဦးမှာဆိုတော့ အရဲစွန့်ပြီးသွားတာ အခုမြဝတီမှာ ဘုန်းကြီးကျောင်းသွားနေရတယ်၊ ဘယ်နေ့ ပြန်ဖွင့်မလည်း မသိဘူး၊ အလုပ်ကလည်း ဒီအတိုင်းဆို အနားခံရနိုင်တယ်”ဟု ကိုယ်တိုင် သက်တမ်းတိုးသွားရောက်ခဲ့သူ အသက် (၃၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

 

ထို့အပြင် သင်္ကြန်ပိတ်ရက်များအတွင်း နေအိမ်များသို့ အလည်ပြန်ပြီးနောက် လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်ရန် မြဝတီမြို့သို့ ရောက်ရှိနေသူများလည်း မြန်မာဘက်မှ ဖြတ်သန်းခွင့် မပြုသဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်။

 

“အလုပ်ပြန်ဖို့ တံတားသွားတော့ သွားခွင့်မပေးဘူး၊ မကျေနပ်ရင် လေယာဉ်နဲ့ပြန်ပြီးဆိုပြီး ပြောတယ်၊ လေယာဉ်နဲ့ပြန်ဖို့ ရန်ကုန်ပြန်တက်ဦးမှလေ ပြီးတော့ အရမ်းအကုန်ကျများတာ၊ BGF လမ်းကြောင်းနဲ့ တုံးခိုးထုပေးနေသူတွေတော့ရှိတယ်၊ တရားမဝင် ကမ်းခိုးကူးရင်လည်း အလုပ်ကို ပြန်ဝင်လို့မရတော့ ဒုက္ခပါပဲ”ဟု မဲဆောက်မြို့ရှိ စက်ရုံတစ်ခုတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ အသက် (၃၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

 

မြဝတီမြို့တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကောင်စီမှ စစ်အင်အားတိုးချဲ့နေခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာမည်ကိုလည်း ဒေသခံများအပါအဝင် မြဝတီမြို့တွင်း ပိတ်မိနေသူများမှ စိုးရိမ်ပူပန်နေလျှက်ရှိနေသည်။