မုံရွာ-ချောင်းဦးကြားတွင် စစ်ကားတစ်စီး မိုင်းထိကာ ငါးဦးထိခိုက်
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နှင့် ချောင်းဦးမြို့ကြားတွင် စစ်ကောင်စီကားတစ်စီးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိနိုင်ကြောင်း AERA 71 PEOPLE DEFENCE MONYWA သတင်းပြန်ကြားရေး တာဝန်ခံ THEO က CJ Platform သို့ပြောသည်။
ယမန်နေ့ ဧပြီ ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် မုံရွာမြို့မှ ချောင်းဦးသို့ ထွက်လာသော စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်လိုက်ပါလာသော စစ်ကားတစ်စီးကို စောင့်ကြိုကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
” မိုင်းဆွဲလိုက်တာ ငါးဦးကတော့ မျက်မြင်ပြုတ်ကျတယ်။ ကားထဲမှာတော့ မသိရဘူး ထိခိုက်သေဆုံးမှုကတော့ ဒီထက်များနိုင်တယ်၊ ကားက အတော်ပျက်စီးသွားပြီး ထိုးရပ်သွားတာ” ဟု AERA 71 သတင်းပြန်ကြားရေး တာဝန်ခံ THEO က ပြောသည်။
စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ကားပေါ်ပါ စစ်သားများသည် အခင်းဖြစ်ပွားရာ အနီးရှိ မုံရွေး – ကြေးမုံရွာထဲကို ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“စကစ ပစ်လို့ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ထဲကတစ်ယောက်ကတော့ ပြင်းထန်တယ် လက်နက်ကြီးစ ထိမှန်တယ်လိုသိရတယ်” ဟု အထက်ပါတာ၀န်ရှိသူက ပြောသည်။
မိုင်းထိမှန်၍ ပျက်ဆီးနေသော ကားကို စစ်ကောင်စီတပ်က ယမန်နေ့ ( ဧပြီ ၂၂ ) သန်းခေါင်ယံချိန်ခန့်က မိုင်းဆွဲခံရသည့်နေရာနှင့် သုံးမိုင်ခန့်အကွာတွင်ရှိသော စွမ်းရည်ထက် စက်သုံးဆီဆိုင်သို့ အရပ်သုံးကားတစ်စီးဖြင့် ဆွဲယူသွားကြောင်း ၊ မိုင်းထိမှန်သော ကားသည် ယနေ့ ဧပြီ ၂၃ ရက် ယနေ့နံနက်အထိ မုံရွာ – ချောင်းဦးလမ်းပေါ်က စွမ်းရည်ထက် စက်သုံးဆီဆိုင်တွင် ရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
၄င်းတိုက်ခိုက်မှုကို AERA 71 PDF MONYWA ၊ ANYAR DEFENCE FORCE (ADF) နှင့် မုံရွာခရိုင် တပ်ရင်း ၈ PDF တို့က ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – AERA 71 PDF MONYWA ၊ ANYAR DEFENCE FORCE (ADF)