ရန်ကုန်တွင် စစ်မှုထမ်းအတွက် ဆေးစစ်ရန်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက ညသန်းခေါင် လူငယ်များကို လာခေါ်

Author ကိုထက်
Categories
Published on Apr 23, 2024

ရန်ကုန်တိုင်း၊ တောင်ဒဂုံနှင့် ထန်းတပင်မြို့နယ်တို့တွင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများဦးဆောင်၍ စစ်ကောင်စီတပ်သားများနှင့်အတူ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဆေးစစ်ရန်ဟုဆိုကာ ညသန်းခေါင် ခေါ်ဆောင်ခံနေကြရသည်ဟု မိသားဝင်အချို့နှင့် နီးစပ်သူများထံမှ သိရသည်။

 

ခေါ်ဆောင်ခံရသူ အများစုနှင့် မိသားစုတို့ အဆက်အသွယ်မရသေးကြောင်း ၎င်းတို့က ဆိုသည်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် ၅၄ ရပ်ကွက်နေ အမျိုးသား ငါးဦးကို ယမန်နေ့ ဧပြီ ၂၂ ရက် ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်အဖွဲ့က ‌ဆေးစစ်ရန်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ယနေ့အထိ အဆက်သွယ်မရသေးကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

 

“ညက ၇ နာရီလောက်က အသက် ၃၀ ဝန်းကျင်အမျိုးသားငါးယောက်ကို အုပ်ကြီး သီဟမျိုးနိုင်က ဦးဆောင်ပြီးကို ဆေးစစ်ဖို့ဆိုပြီး လာခေါ်သွားတာ။‌‌ ဆေးကျရင် ပြန်လာရမယ်ပြောပြီး အခုတစ်ယောက်မှ မိသားစု‌တွေနဲ့ အဆက်အသွယ်မရဘူး‌ပြောတယ်။ အုပ်ကြီးက မဲနှိုက်တဲ့ အစီအစဉ်လည်း မလုပ်ဘူး။ သူဖမ်းချင်တဲ့သူတွေ့ရင် ညပိုင်း လာဖမ်းသွားတာပဲ။ အခုဆို နေရထိုင်ရတာ လုံခြုံမှုကို မရှိတော့ဘူး” ဟု ၅၄ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

အလားတူ ထန်းတပင်မြို့နယ်၊ ညောင်သုံးပင်နှင့် လှည်းဆိပ်ကျေးရွာတို့မှ အမျိုးသားအချို့ကိုလည်း သင်္ကြန်အပြီးရက်ပိုင်းထဲ ညဉ့်နက်ပိုင်းအချိန်များတွင် လာခေါ်သွားပြီး ယခုအထိအဆက်အသွယ်မရသေးကြောင်း ကြုံတွေ့ရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

 

“ကျွန်မညီမလေးယောကျာ်းလည်း ခေါ်တဲ့အထဲ ပါသွားတယ်။ သူတို့ပြောသွားတာက ဆေးစစ်ဖို့ခေါ်တာ။ ဆေးကျရင်ပြန်လာရမယ်ပြောတာလေ။ သူက ကလေးတစ်‌ယောက်အဖေပါ။ ပါသွားတဲ့သူတွေကလည်း အသက် ၁ နှစ်၊ ၂ နှစ်ကလေးတွေရှိတဲ့ဖခင်တွေပါ။ သူတို့မိန်းမတွေလည်း ငိုယိုနေကြတယ်။ စစ်သင်တန်းရောက်သွားတယ်ဆိုလည်း အဆက်အသွယ်လေးတော့ လုပ်ခွင့်ပေးပေါ့။ အခုက ဘာအဆက်အသွယ်မှကို မရတာ” ဟု ခေါ်ဆောင်ခံရသူလူငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

 

ခေါ်ဆောင်ခံရသူ မိသားစုဝင်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဆေးမအောင်ပါက ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်ဟုဆိုကြသည့်အတွက် ဆေးအောင်၍ စစ်မှုထမ်းရန် ခေါ်ဆောင်ထားခြင်းသည်ဟု ယူဆရသည်။

 

အလားတူ ပဲခူးတိုင်း(အရှေ့ခြမ်း)၊ ဖြူးမြို့နယ်အတွင်း စစ်မှုထမ်းအရွယ်လူငယ်များ ဆေးစစ်ရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ဆေးအောင်သူများကို ပြန်မလွှတ်ပေးဘဲ ဆေးမအောင်သူများကိုသာ ပြန်လွှတ်ပေးကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

ရန်ကုန်တွင် စစ်မှုထမ်း စစ်သင်တန်းအပတ်စဉ်(၂)အတွက် စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်များအတွင် စာရင်းကောက်ယူမှုများလုပ်ဆောင်နေသည်။

 

ထိုစာရင်းများကို လှိုင်သာယာ၊ တောင်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ကောက်ယူနေသည်ဟု CJ Platform က သတင်းရရှိသော်လည်း အခြားမြို့နယ်များတွင် ကောက်ယူခြင်းရှိမရှိ မသိရသေးပေ။

 

ထိုမြို့နယ်သုံးခုရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့၏ စစ်မှုထမ်းအရွယ် သားသမီးများ စာရင်းထဲမပါကြကြောင်း ရပ်ကွက်နေပြည်သူများက ဆိုသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ပြီး မတ်လ ၂၉ ရက်က စတင်ကာ တစ်နိုင်ငံလုံးရှိ စစ်သင်တန်း ၁၅ ခုတွင် ပထမအသုတ် သင်တန်းပေးနေသည်။

 

ဓာတ်ပုံ – ကိုထက်(ပုံဟောင်း)

 

Related News

Depend on news