ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးအပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀ယောက်ခန့် စစ်တွေထောင်မှ လွတ်မြောက်

Author ဝက်ဝံနက်
Categories
Published on Apr 18, 2024

အကြမ်းဖက်စစ်ကောင်စီ၏ နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးနှင့် နိုင်ငံရေးအကျဥ်းသား၁၀ယောက်ခန့် အပါအဝင် စစ်တွေထောင်မှ အကျဥ်းသား၃၆ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးသည်  ၂၀၂၃ ခုနှစ်က စစ်တွေဆန်ပြသနာနေ့ ဝမ်းနည်း အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်မှုကြောင့် မတရားဖမ်းဆီးကာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယနေ့ စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၃၆ ဦး လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာပြီး ယင်းအထဲတွင် ဒေါ်ညိုအေးအပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀ ဦး ပါဝင်ကြောင်း ရခိုင်ရှိဒေသခံ မိသားစုဝင် တစ်ဦးကပြောသည်။

 

ဒေါ်ညိုအေးသည် လွတ်မြောက်လာချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဝင်ထံမှသိရသည်။

 

၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား ၃၃၀၃ ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။