လက်နက်မချသည့် ပလောက်မြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ လေးဦးသေဆုံး

Author မင်းထက်
Categories
Published on Apr 17, 2024

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလောက်မြို့ တံတားကြီးအနီးတွင် တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယမန်နေ့ ဧပြီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

 

“ပုလောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူဘက်မျက်နှာမူပြီး ကျွန်တော်တို့ထံ လက်နက်ချ အညံ့ခံဖို့ အကြိမ်ကြိမ်မေတ္တာရပ်ခံပြီးပြီ။ တကယ်လို့ မပူးပေါင်းရင် အကုန်ချေမှုန်းပစ်မယ်လို့ ကျွန်တော်တို့ သတိလည်း ပေးခဲ့တယ်။ အဲဒီသတိပေးချက်အတိုင်း အရေးယူလုပ်ဆောင်တာပါဗျ” ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

ယင်းတိုက်ခိုက်မှုတွင် လက်နက်ကြီး/ငယ်များဖြင့် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား မျက်မြင် လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်မှုအတွင်း ပလောက်မြို့မှ စစ်ကူများထပ်မံရောက်ရှိလာသဖြင့်  မဟာမိတ်ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်များ တပ်စွဲလေ့ရှိသည့် အနောက်ကမ်း အုပ်ချုပ်ရေးမှူးနေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

ယင်းလုပ်ဆောင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ပုလောစစ်ကြောင်း-၁၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည် ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်များနှင့် ၎င်းတို့ လက်ဝေခံပျူစောထီးတပ်ဖွဲ့တို့ကို အရှိန်အဟုန်မြင့် တိုက်ခိုက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို အစဉ်နားစွင့်ထားရန်နှင့် တော်လှန်ရေးအင်အားစုများမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လေးလေးစားစား လိုက်နာပူးပေါင်းပေးပါရန် မေတ္တာရပ်ခံထားသည်။

 

ပြီးခဲ့သည့် ဧပြီ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် ပလမြို့အဝင် ဆိုင်းဘုတ်အနီး စစ်ရေးလှုပ်ရှားလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများအထိခိုက်ရှိခဲ့ကြောင်း ၊ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာ( မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ –  မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

 

Related News

Depend on news